သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံ ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု


အမျိုးသားလွှတ်တော်အစည်းအဝေး (ဧပြီ ၁၊ ၂၀၁၆)
အမျိုးသားလွှတ်တော်အစည်းအဝေး (ဧပြီ ၁၊ ၂၀၁၆)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံအဖြစ် ထားမယ့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါပြီ။ ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကျော်လွန် လုပ်ဆောင်မှုရှိတယ်ဆိုပြီး ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ၊ အများစုမဲနဲ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တာပါ ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခ နေပြည်တော်ကနေ သတင်းပေးပို့ ထားပါတယ်။

လွှတ်တော်ထဲ အများစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တင်သွင်းတဲ့ ဒီ ဥပဒေကြမ်းအပေါ်မှာ တိုင်းရင်းသားပါတီအချို့နဲ့ စစ်တပ် ကိုယ်စားလှယ်တွေ ဘက်က ဝေဖန်ထောက်ပြမှုတွေ ရှိပေမယ့်၊ မဲခွဲရာမှာတော့ မဲအများစု အသာရပြီး ဒီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တာပါ။

ဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို ရည်ရွယ်တဲ့ ဥပဒေဖြစ်နေတယ်၊ ဖွဲပစည်းပုံကို ကျော်လွန်လုပ်ဆောင်တယ်ဆိုပြီး ကန့်ကွက်သူတွေဘက် က ဝေဖန်ခဲ့ကြပါတယ်။ ဒီ ဥပဒေပြဌာန်းနိုင်ဖို့အတွက် တည်ဆဲ ဥပဒေတွေ နဲ့ ကိုက်ညီအောင် ပြင်လည်ပြင်ဆင်ပြဌာန်းမယ် ဆိုရင် ထောက်ခံမယ်လို့ တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေးက အမျိုးသားလွှတ်တော်ကို တင်ပြခဲ့ပါတယ်။

" ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိက အခြေခံမူတစ်ရပ်ဖြစ်သည့် ပုဒ်မ ၁၁(က) ပါ ပါတီအမည်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တဦးအား ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အာဏာနှစ်ရပ်စလုံးကို အပ်နှံတဲ့သဘော သက်ရောက်နေခြင်း၊ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုတယ်ဆို သည့် ပြဋ္ဌာန်း ချက်ကို ထိခိုက်ပျက်ပြားစေခြင်း၊ ယခု ဥပဒေကြမ်း ပါ ပြဋ္ဌာန်းချက်များ၏ အနက် အဓိပ္ပာယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများနှင့် ဆန့်ကျင် ကွဲလွဲနေခြင်း တို့ကြောင့် ဥပဒေ တစ်ရပ်အဖြစ် ပြဋ္ဌာန်းမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးဆွဲပြီး မှသာ ပြဋ္ဌာန်းသင့်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။"

ဒါပေမယ့်လည်း စစ်တပ်ဖက်က အခုလို ကန့်ကွက်လာမှုအပေါ်၊ ဖွဲ့စည်းပုံနဲ့ညီမညီ ကိစ္စကို ဒီနေ့မှာ ဆုံးဖြတ်ချက် ချလို့ မရဘူးဆိုပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက တုန့်ပြန်ခဲ့ပါတယ်။

"ဥပဒေတရပ်ဟာ ဖွဲ့စည်းပုံဥပဒေနဲ့ ညီတယ် မညီဘူး။ ဆန့်ကျင်တယ် မဆန့်ကျင်ဘူး ဆိုတာ ကို ကျနော်အပါအဝင် တက်ရောက်လာတဲ့ ကိုယ်စားလှယ်များ ပြောပိုင်ခွင့် မရှိသေးဘူးလို့ ကျနော် ကနဦး တင်ပြလိုပါတယ်။ အထက်မှာ တင်ပြသွားတဲ့ အခြေခံဥပဒေနဲ့ဆန့်ကျင်တယ် မဆန့်ကျင်ဘူးဆိုတဲ့ အချက်တွေဟာ ဒီကနေ့ ဒီအချိန် ကျနော်တို့ ပြောနေတဲ့အချိန်မှာ ပြောဖို့ အင်မတန်စောလွန်းနေတယ်ဆိုတာ ကျနော် တင်ပြလိုခြင်းဖြစ်ပါတယ်။ "

ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောသန်းလှိုင်ကတော့ လက်ရှိမှာဆွေးနွေးရမယ့် ဥပဒေကြမ်းတခုကို ဆွေးနွေးဖို့အတွက် အချိန်လုံလောက်စွာ မပေးဘဲ အလောသုံးဆယ် အတည်ပြုမှုတွေရှိနေတာကြောင့် ဥပဒေမှာ အားနည်းမှုဖြစ်လာနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒီပြင် ဥပဒေကြမ်းမှာ လိုက်နာဆောင်ရွက်ရမယ့်အရာတွေမှာ လိုက်နာခြင်းမရှိခဲ့ရင် ဘယ်လိုအရေးယူနိုင် သလဲကို ထည့်သွင်းမထားတာကလည်း ဥပဒေအားနည်းမှုကြောင့်လို့ သူကပြောဆိုပါတယ်။

" ဒီပုဒ်မ မှာပဲ လူပုဂ္ဂိုလ်တဦးရဲ့အမည်နာမကို တိတိကျကျ သုံးနှုန်းဖော်ပြ ထားတာကို တွေ့ရှိရပါတယ်။ ဒီလိုသုံးနှုန်းထားခြင်းမျိုးဟာ ပင်မဥပဒေမှာ အဲ့သလို ထည့်သွင်း ပြဌာန်းလေ့ရှိ၊ မရှိ ယခင်က ပြဋ္ဌာန်းဖူးတဲ့ ဥပဒေတွေမှာ အလားတူ ဥပဒေမျိုး ရှိမရှိ၊ နိုင်ငံတကာ ဥပဒေမှာ ရော ရှိ၊ မရှိ ပြန်လည်သုံးသပ်ဖို့ လိုမယ်လို့ ဆွေးနွေးတင်ပြလိုပါတယ်။ ကောင်းမွန်ပြည့်စုံတဲ့ ဥပဒေတရပ် ဖြစ်ပေါ်လာရေး အတွက် လုံလောက်သော အချိန် ရရှိမှုဟာလည်း အရေးတကြီး လိုအပ်ချက်ဖြစ်ပါတယ်။ မနက်ဖြန်မှာ ဆွေးနွေးမယ့် ဥပဒေကြမ်းတရပ်ကို ဒီနေ့ည မိုးချုပ်မှ agenda ရရှိတာမျိုးဟာ ပြင်ဆင်ဖို့အတွက် အခက်အခဲတွေရှိပါတယ်။ "

ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ကတော့ အခုလိုထောက်ပြခဲ့ပါတယ်။

" ပုဒ်မ ၅ အပိုဒ်ခွဲ ခ မှာ ဖော်ပြထားတဲ့ အကြံပြုချက်များ၊ ဆောင်ရွက်ချက်များနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်ဟု ဖော်ပြထားခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတသာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်လို့ ဖော်ပြထားသဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရမည်ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ "

ဥပဒေကြမ်းအပေါ် အမျိုးားလွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၇ ဦး ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေအ၇ - ပြင်ဆင်လို တာကို ဖော်ပြဆွေးနွေးခြင်း မရှိတဲ့ ကန့်ကွက်မှုတွေ အပေါ် ပြန်လည်ဆွေးနွေးဖို့ မလိုဘူး ဆိုထားတာကြောင့် ပြင်ဆင်ချက်ဖော်ပြတဲ့ ဆွေးနွေးမှု တခုကို ပဲ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် တပ်ဘက်က တင်ပြလာတဲ့ ဖွဲ့စည်းပုံကို ကျော်လွန်တယ် ဆိုတဲ့ တင်ပြချက်ဟာ ကန့်ကွက်မှုသဘောပဲဖြစ်ပြီး၊ လွှတ်တော်တွင်း ပြန်လည်ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပါဘူး။

ပြင်ဆင်ချက်ဖော်ပြ ဆွေးနွေးခဲ့သူကတော့ ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်ဖြစ်ပါတယ်။ ဒီ ကိစ္စကို ပြန်လည်ဆွေးနွေး ဖြေရှင်းခဲ့ကြပြီး ဥပဒေကြမ်းကို မဲခွဲကြပါတယ်။ အဲဒီမှာ မဲအသာရပြီး အမျိုးသားလွှတ်တော်က ဒီ ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။ ဒီ ဥပဒေကြမ်းအပေါ်မှာ ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG