သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ် တည်ဆောက်ရေး လက်မှတ်ထိုးဖို့ တိုင်းရင်းသားတွေ အဆိုပြု


UPWC-NCCT လုပ်ငန်းညှိနှိုင်းအကြိုဆွေးနွေးပွဲ။ သတင်းဓာတ်ပုံ Credit to ကိုညိုအုန်းမြင့် (MPC)
UPWC-NCCT လုပ်ငန်းညှိနှိုင်းအကြိုဆွေးနွေးပွဲ။ သတင်းဓာတ်ပုံ Credit to ကိုညိုအုန်းမြင့် (MPC)

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ အကြိုလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပရာမှာ နောက်တကြိမ် အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးပွဲကို ဒီလ ၁၃ရက်နေ့ နောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ သဘောတူခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုနေ့မှာ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲတွေဟာ ၄လကျော်ကြာ ရပ်တန့်နေခဲ့ပြီးတဲ့ နောက် ဒီကနေ့ အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေ့ခင်း ၂နာရီကနေ ညနေ ၅နာရီအထိ အကြို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

နှစ်ဖက်ကိုယ်စားလှယ်တွေအကြား ဒီကနေ့ ရရှိတဲ့ အဓိက သဘောတူညီချက် ကိုတော့ UPWCရဲ့ အလုပ်အဖွဲ့ဖြစ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

" ဖေဖော်ဝါရီလ ၁၃ရက် နောက်ပိုင်းမှာ ရက်ညှိနှိုင်းပြီးတော့ ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ သဘောတူညီချက်ရပါတယ်။"

ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ ပါဝင် ဖွဲ့စည်းထားတဲ့ UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ကမ်းလှမ်းထားတဲ့ ပြည်ထောင်စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

"တိုင်းရင်းသားတွေ ဘက်က အဆိုပြုနေတဲ့ ဖေဖော်ဝါရီ လ ၁၂ရက်နေ့မှာ လက်မှတ်ရေးထိုး နိုင်ဖို့ ကိစ္စပါပဲ။ အဲ့တာကိုတော့ ဒီနေ့ဦးနိုင်ဟံသာတို့ဘက် ကလည်း ဝန်ကြီးကို စာရွက်နဲ့ အဆိုတခုပြုပါတယ်။ ဒါကို ဆက်လက်ပြီးတော့ ညှိနှိုင်းဖို့ လိုပါသေးတယ်။"

UPWC-NCCT လုပ်ငန်းညှိနှိုင်းအကြိုဆွေးနွေးပွဲ။ ချင်းမိုင် (ဖေဖော်ဝါရီ ၅၊ ၂၀၁၅) သတင်းဓာတ်ပုံ Credit to- ကိုညိုအုန်းမြင့် (MPC)
UPWC-NCCT လုပ်ငန်းညှိနှိုင်းအကြိုဆွေးနွေးပွဲ။ ချင်းမိုင် (ဖေဖော်ဝါရီ ၅၊ ၂၀၁၅) သတင်းဓာတ်ပုံ Credit to- ကိုညိုအုန်းမြင့် (MPC)

အခြားဆွေးနွေးတဲ့ အချက်တွေမှာတော့ အရင် ဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့ အချက်တွေကို လာမယ့်ဆွေးနွေးပွဲမှာ ထပ်မံဆွေးနွေးဖို့ဆိုတာပါဝင်သလို လာမယ့် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ဖို့အတွက် ဖိတ်ကြားတာပဲဖြစ်ပါတယ်။

ဦးအောင်မင်းခေါင်းဆောင်တဲ့ UPWC ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက် ၉နာရီခွဲကနေ ၁၀နာရီခွဲ အထိမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းက ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်မရပ်ခင်မှာ နားလည်မှုစာချွန်လွှာတခု ပူးတွဲ လက်မှတ်ရေးထိုးရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်အဖွဲ့က အဓိက တင်ပြတဲ့အချက်ကိုတော့ RCSS/SSAရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းလှက အခုလို ပြောပါတယ်။

"ဦးအောင်မင်း ဆွေးနွေးချက်အရတော့ ဒီကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုတဲ့ နိုင်ငံရေးအာမခံချက်တစုံတရာ ရရှိဖို့ ဆိုတဲ့ ကိစ္စပါ။ အဲ့တာကတော့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားဖို့ အတွက် ဆက်လက်ဆွေးနွေးပါမည် ဆိုတဲ့အချက်၊ ဒုတိယ အချက် ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးသွားမည်ဆိုတဲ့ အကြောင်းပေါ့နော်။ သုံးအချက် ကတော့ နိုင်ငံရေးဆွေးနွေး မူဘောင်တွေ ကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးတော့ ရေးဆွဲသွားမည် ဆိုတဲ့ အကြောင်းပေါ့။ နောက်ပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုလည်း နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရအောင် မြန်မြန်ဆန်ဆန် ညှိနှိုင်းဆွေးနွေးသွားကြပါမယ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးနိုင်ရင် ကောင်းမယ် ဆိုပြီးတော့ ဆွေးနွေးကြတာပါ။"

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သက်ပြီး UNFCက ဇန်နဝါရီလ ၂၉ရက်နေ့က ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘော တူညီချက် တရပ်ကို ကတိကဝတ်ပြု လက်မှတ်ရေးထိုးဖို့ အစိုးရကို ကမ်းလှမ်း တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက RCSS ကို ကမ်းလှမ်းရာမှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဆက်လက်ဆွေးနွေး မှာ ဖြစ်ကြောင်းကိုလက်မှတ်ရေးထိုးဖို့ ပါရှိတာကြောင့် အဓိပ္ပါယ် ကွဲလွဲချက်တချု့ိ ရှိနေပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီးမေးမြန်းဖို့ UNFC ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ် NCCT အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးနိုင်ဟံသာကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးတခုမှာ ရောက်နေတာကြောင့် ဖြေဆိုနိုင်ခြင်း မရှိပါဘူး။

UPWC နဲ့ NCCT တို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ၆ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့မှာ နောက်ဆုံး ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်အကြား ညှိနှိုင်းမရတာနဲ့ တင်းမာတာတွေဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်လာခဲ့ တဲ့နောက် ဆွေးနွေးပွဲတွေဟာ သဘောတူခဲ့သလို အောက်တိုဘာလမှာ ထပ်မံ မတွေ့ဆုံနိုင်ပါဘူး။ နိုဝင်ဘာလကုန်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှုနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဆွေးနွေးပွဲတွေဟာ ၄လကျော် ကြန့်ကြာခဲ့ တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG