သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA အချောသတ်ဖို့ ဆွေးနွေးပွဲ စတင်


UPWC နှင့် SD တို့ NCA (၉) ကြိမ်မြောက်အစည်းအဝေး ကျင်းပ။ (သြဂုတ် ၆၊ ၂၀၁၅)
UPWC နှင့် SD တို့ NCA (၉) ကြိမ်မြောက်အစည်းအဝေး ကျင်းပ။ (သြဂုတ် ၆၊ ၂၀၁၅)

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို အချောသတ်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ၉ကြိမ်မြောက်ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ဒီကနေ့ ဆွေးနွေးခဲ့ရာမှာ ၈ကြိမ်မြောက် ဆွေးနွေးပွဲက မပြီးသတ်သေးတဲ့ အချက်တွေ အကုန်နီးပါး သဘောတူညီချက်ရရှိခဲ့ပြီး စာချုပ် လက်မှတ်ရေးထိုး ရာမှာ အားလုံးပါဝင်ရေးဆိုတဲ့ အချက်ကိုတော့ နှစ်ဖက် အကြား ညှိနှိုင်းဆွေးနွေးဖို့ ကျန်ရှိနေပါတယ်။ ဒီသတင်း ကိုတော့ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD တို့ရဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA အချောသတ် ညှိနှိုင်းဆွေးနွေးပွဲကို ဒီနေ့နေ့ခင်း တနာရီကနေစတင်ပြီး ညနေ ၅နာရီကျော်မှာ ပထမရက်ပြီးဆုံးခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက အခုလို သတင်းထုတ်ပြန်ပါတယ်။

"အရင်တပါတ်က ဆွေးနွေးဖို့ကျန်ခဲ့တဲ့ Text ထဲမှာပေါ့လေ စာအားဖြင့်ပေါ့ ချောဖို့ တချက်နဲ့ အစည်းဝေးဆုံးဖြတ်ချက်မှာထည့်ဖို့ ၂ ချက်ကျန်ပါတယ်။ အဲဒီ ၃ ချက်လုံးကိုတော့ ဆွေးနွေးပြီးတော့ ၂ ဖက်ခေါင်းဆောင်တွေက ဒါကို ကျနော်တို့သဘောတူပါတယ်။ ဆက်ပြီးတော့ ပါဝင် လက်မှတ်ရေးထိုး မယ့်ခေါင်းဆောင်တွေ ကျနော်တို့ဖက်က ဘယ်အဆင့်တွေ တိုင်းရင်းသားခေါင်းဆောင်တွေက ဘယ်အဆင့်တွေဆွေးနွေး တာလည်း နှစ်ဖက် သဘောတူခဲ့တာလည်း နောက် ပြည်တွင်းသက်သေကလည်း မူအားဖြင့်တော့ တိုင်းရင်းသားတွေတောင်းဆိုတာတွေအားလုံးကို အစိုးရက လိုက်လျှောပြီးတော့ အစိုးရဖက်က နှစ်ဖက်သဘောတူတဲ့အပိုင်း ကို အစိုးရဖက်က ပြန်တင်ပြမယ် ဆိုတာလေး နှစ်ဖက် ဒါလေး ပြီးပြတ်ပါတယ်။

နိုင်ငံတကာ သက်သေကိုလည်း ယေဘူယျ အားဖြင့်တော့ တိုင်းရင်းသားဖက်တွေတင်ပြတာနဲ့ အစိုးရဖက်က ပြန်တင်ပြတဲ့ဥစ္စာမှာတော့ မူအားဖြင့်တော့ ကျနော်တို့ သဘောတူပါတယ်။ ဒီနေ့ကတော့ ကျနော်တို့ဆွေးနွေးချက်ကတော့ စာချုပ်ပါအပိုဒ် ၃၃ နောက်ဆုံးမှာရှိတဲ့ ဟာ အထိကတော့ အားလုံး ကျနော်တို့ မရောက်ပါဘူး။ မနက်ဖန်မှာတော့ All inclusive ကို မနက် ၉ နာရီက စပြီးဆက်ဆွေးနွေးပါမယ်"

လောလောဆည်မှာ NCA လက်မှတ်ရေးထိုးရာမှာ အစိုးရဖက်က လက်မခံသေးတဲ့ အဖွဲ့တွေကတော့ 'ဝ' အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAAနဲ့ ရက္ခိုင်တပ်မတော် (AA) တို့ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD ရဲ့ ဒု အဖွဲ့ခေါင်းဆောင် ၂ဖြစ်တဲ့ ပူးဇင်ကျုံးကတော့ အားလုံးပါဝင်ရေးအတွက် ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

"ဒါကတော့ ကျနော်တို့ နှစ်ဖက်က ညှိနှိုင်းပြီးတော့မှ လုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ ကျနော်ယူဆပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေဖက်ကတော့ အစိုးရလက်မခံနိုင်သေးဘူးလို့ ပြောနေတဲ့ ၆ ဖွဲ့ပေါ့လေ ဒါဟာ ကျနော်တို့ရေရှည်တွဲလာခဲ့တဲ့ ကျနော်တို့အဖွဲ့တွေဖြစ်တယ်။ သူတို့ရဲ့ အနေအထားကိုလည်း ကျနော်တို့က သိတော့ ကျနော့တို့အနေနဲ့ အဲဒီလို လက်မှက်မထိုးတဲ့ အဖွဲ့ထဲမှာ ချန်ထားခြင်းအားဖြင့် အကျိုးရှိတာထက် အကျိုးယုတ်တာ ပိုဖြစ်လိမ့်လို့ ကျနော်ယူဆပါတယ်။

နောက် သူတို့အနေနဲ့ လက်မှတ်ထိုးသင့်တယ်လို့လည်း ကျနော်တို့ တိုင်းရင်းသားဖက်က ယူဆပါတယ်ခင်ဗျာ။ ဒါကြောင့်မို့လို့ ကျနော်တို့အားလုံး ပါဝင် လက်မှတ်ရေးထိုးရေးကို ကျနော်ဒီကနေ့ အစိုးရဆီမှာ ထပ်ခါတလဲလဲ ကျနော် တင်ပြနေတာဖြစ်ပါတယ်။ မနက်ဖန်လည်းပဲ ဒီကိစ္စကို ထပ်ခါ တလဲလဲ ပြန်တင်ပြမှာပါ။"

အစိုးရဖက်က လက်မခံသေးတဲ့အဖွဲ့တွေဟာ အစိုးရနဲ့ တဖွဲ့ချင်းစီအလိုက် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး မထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။

အားလုံးပါဝင်ရေးနဲ့ပတ်သက်ပြီး အစိုးရဖက်ကသဘောထားကိုတော့ ဦးလှမောင်ရွှေ က အခုလို ရှင်းလင်းပါတယ်။

"All inclusive ကိစ္စကိုတော့ ဆရာတို့နဲ့ ကျနော်တို့ ခုနကတင်ပဲ ဒီမှာပြောကြည့်တာကတော့ ကျနော်တို့ အစိုးရဖက်ကတော့ အပိုဒ် ၃၃ မှာ တိုင်းရင်းသား ဘယ် Level ထိုးမယ်ဆိုတဲ့ဟာပဲ ကျနော်တို့က သတ်မှတ်တယ်လို့ ယူဆတယ်။ ဆရာတို့ကတော့ အားလုံးပါဝင်တယ်လို့ ယူဆတော့ ဒီတခုပဲ ပြန်ပြီးတော့ ညှိဖို့တော့ ရှိတယ်။ ယေဘူယျအားဖြင့်တော့ ကျနော်တို့ဒီ နောက် ၂ ရက်ဆို နိုင်ငံတော် သမ္မတ အနေနဲ့ဖိတ်ခေါ်တာ ၄ နှစ် ပြည့်ပါပြီ။ ၄ နှစ် ပြည့်ခါနီးအလိုမှာ ကျနော်တို့ဖက်ကတော့ ဒီစာချုပ်ကို ပြီးပြတ်ဖို့ပေါ့ ညှိစရာတော့ ကျနော်တို့ဖက်က မကျန်တော့ဘူး။ All inclusive သည် စာချုပ် Text ကို ညှိတာ မဟုတ်ဘဲနဲ့ စာချုပ်ရဲ့ လက်မှတ်ရေးထိုးတဲ့သူတွေဖြစ်တဲ့ အဖွဲ့အစည်းတွေ တိုင်းရင်းသားတွေဖက်က အဆိုပြုတဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်းတာဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရ ဖက်ကတော့ Text ကတော့ ဆရာတို့နဲ့ နက်ဖန်မှာ အချောသတ်ရင် ပြီးပြီလို့ပဲ မှတ်ယူရမယ့်သဘောရှိပါတယ်"

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA နဲ့ ရက္ခိုင်တပ်မတော် (AA) အဖွဲ့ ၃ ဖွဲ့က အစိုးရနဲ့ သူတို့ ၃ဖွဲ့လုံးနဲ့ တပြိုင်တည်း အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းထားပါတယ်။

သောကြာနေ့မှာ ဆက်လက်ဆွေးနွေးမယ့် အားလုံးပါဝင်ရေး ဆိုတဲ့အချက် ကို နှစ်ဖက်ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားမှာ နှစ်ပေါင်း ၆၀ကျော်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်ရပ်စဲရေးကိုစတင်နိုင်မယ့် နှစ်ဖက် သဘောတူစာချုပ်ကို အချောသတ်နိုင်မှာဖြစ်ပါတယ်။

XS
SM
MD
LG