သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားတွေ အပစ်ရပ်သဘောထား UPWC အလေးထားစဉ်းစားမည်


Seorang anak pengungsi Suriah menangis di kamp Ain Issa, tempat penampungan bagi warga Suriah yang melarikan diri dari kekerasan kelompok ekstremis ISIS di Raqqa, Suriah utara.
Seorang anak pengungsi Suriah menangis di kamp Ain Issa, tempat penampungan bagi warga Suriah yang melarikan diri dari kekerasan kelompok ekstremis ISIS di Raqqa, Suriah utara.

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်မယ့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရေး တိုင်းရင်းသားခေါင်းဆောင်တွေရဲ့သဘောထားကို အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ UPWC အဖွဲ့အနေနဲ့ ဖြစ်နိုင်တဲ့ အနေအထားကို အလေးထားစဉ်းစားမှာဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်က ပြောပါတယ်။ ဒီလိုတနိုင်ငံလုံး အပစ်ရပ်ဖို့ နှစ်ဘက် ကြိုးစားနေချိန်မှာပဲ တိုင်းရင်းဒေသအချို့မှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်ပြီး တဖက်သတ်အပစ်ရပ်စဲလိုက်တဲ့ ကိုးကန့်ဘက်ကလည်း အပစ်ရပ် ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ဆိုပါတယ်။ အသေးစိတ် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) အပြီးသတ်ချုပ်ဆိုနိုင်ရေး အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးကြမယ့် KNU ဒုတိယ ဥက္ကဋ္ဌ ဒေါ်နော်စီဖိုးရာစိန်ဦးဆောင်တဲ့ တိုင်းရင်းသားခေါင်းဆောင် ၁၅ ဦး ပါဝင်တဲ့ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့” ရဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့က ပထမဆုံးအကြိမ် ဆွေးနွေးပွဲကနေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး NCA မှာ ပါဝင်နိုင်ဖို့အရေး အဓိက လိုလားခဲ့ကြတာပါ။ တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က အပစ်ရပ်စာချုပ်မှာ ထည့်သွင်းပြင်ဆင်လိုတဲ့ အချက်တွေနဲ့ သဘောထားတွေကို အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ UPWC အဖွဲ့ရဲ့ ခေါင်းဆောင်ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့အတူ လုပ်ငန်းအဖွဲ့ဟာ စနေ၊ တနင်္ဂနွေ နှစ်ရက်ဆက်တိုက် ဆွေးနွေးခဲ့ကြတယ်လို့ MPC အဖွဲ့ရဲ့ပြောခွင့်ရ ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

“ဝန်ကြီးဦးအောင်မင်းကို ကျနော်တို့အလုပ်အဖွဲ့အနေနဲ့တော့ ချင်းမိုင်ကနေ ကိုယ်စားလှယ်တွေက ပေးလိုက်တဲ့ message တွေကိုတော့ ဝန်ကြီး ဦးအောင်မင်းတို့ကို ပြန်ပေးပြီးတော့ ၁၅ ဦးကော်မတီဘက်ကတော့ ဝန်ကြီးဦးအောင်မင်းကို သူတို့ရဲ့ကိုယ်စားလှယ်ပေါ့-သူ့ကိုလွှတ်မယ်ဆိုတာလည်း ပြောတာ တွေ့ရတယ်ဗျ။ အဲဒါတော့ ဦးနိုင်ဟံသာ၊ ဦးကွယ်ထူးဝင်းနဲ့ ဦးထွန်းဇော်တို့နဲ့ ပြောနေတယ်ပေါ့လေ။ ဒါပေမယ့် ဝန်ကြီးဦးအောင်မင်းဘက်ကတော့ ဒီနေ့မှ ရတဲ့အတွက် အကြောင်းပြန်တာတော့ နောက်ရက်တွေမှ အကြောင်းပြန်တာလေးတွေ ဖြစ်မယ်။ သူတို့ကတော့ လောခီးလာကထွက်လာတဲ့ outcome တွေကို ဝန်ကြီးဦးအောင်မင်းဆီ ပေးတာပါပဲ။ ကျနော်တို့ဘက်ကတော့ ဝန်ကြီးဦးအောင်မင်းကို ပေးပြီးပါပြီ။ ဝန်ကြီးဦးအောင်မင်းတို့ ဘက်ကကျတော့ NCA ဘက်ကို ၁၆ လအကြာ ဆောင်ရွက်ခဲ့ပြီးသားဖြစ်တဲ့အတွက် ညှိနှိုင်းလို့ရမယ့်ကိစ္စရပ်တွေရှိရင်တော့လည်း ညှိနှိုင်းကောင်းလည်း ညှှိနှိုင်းမှာပေါ့ဗျာ။ ဒါပေမယ့်လို့ ငြိမ်းချမ်းရေးကိုဆက်သွားနိုင်မယ့် နည်းလမ်းကိုတော့ ရှာနိုင်လိမ့်မယ်လို့တော့ ထင်ပါတယ်။”

တနိုင်ငံလုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေး စာချုပ်အပြီးသတ် ချုပ်ဆိုနိုင်ဖို့အရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ကြိုးစားနေချိန်မှာပဲ တိုင်းရင်းဒေသအချို့မှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲပါ။ နယ်မြေတည်ငြိမ်အေးချမ်းဖို့ တဖက်သတ် စစ်ရပ်စဲပါတယ်လို့ ကြေညာခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့လည်း အစိုးရတပ်ကြား အခုလက်ရှိ တိုက်ပွဲတွေ ဖြစ်နေပေမဲ့ ကိုးကန့်တပ် ဘက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်လိုတဲ့ သဘောထားရှိပါတယ်လို့ ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်တို့က တဖက်သတ်တောင်မှ အပစ်ရပ်ပြီးပြီ၊ ကြေညာပြီးပြီပဲခင်ဗျ။ ကျနော်တို့ ငြိမ်းချမ်းရေးကို တကယ်လိုလားပါတယ်။ ဒါပေမယ့် သူတို့ဘက် ကနေ ထိုးစစ်မဆင်တော့ဘူးဆိုရင်တော့ တကယ်ပဲ အပစ်အခတ်ရပ်သွားပါမယ်။ ကျနော်ထင်တယ်။ သူတို့က ငြိမ်းချမ်းရေးကို သိပ်မလိုလားဘူးနဲ့ တူတယ်။ ကျနော်တို့ကတောင် တဖက်သတ် အပစ်ရပ်ကြေညာပြီးပြီပဲ။ ကြေညာပြီးတဲ့နောက် တရက်ပဲထင်တယ်- စပြီးတော့ သူတို့က လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ မြေပြင်က တပ်လည်းထိုးတယ်။ သူတို့က ဒီလို ငြိမ်းချမ်းရေးမလိုလားဘူး၊ လာထိုးရင်တော့လည်း ကျနော်တို့က ပြန် ခုခံရမှာပေါ့ဗျာ။ ဆက်လက်ပြီးတော့လည်း သူတို့ တိုက်ဖို့ရှိပါတယ်၊ ကျနော်ထင်တာ။ ကျနော်တို့ကို အမြစ်ပြတ်ချေမှုန်းမယ်လို့ သူတို့က အမြဲတမ်းကြွေးကြော်နေတာပဲ။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ခေါင်းဆောင်တွေကလည်း အခုလိုစစ်ရေးတင်းမာနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုပါ NCA မှာ ပါဝင်လက်မှတ်ထိုး စေလိုတဲ့ဆန္ဒရှိပေမဲ့ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့အနေနဲ့ကတော့ ဖြစ်နိုင်တဲ့ အနေအထားအပေါ်မူတည်ပြီး NCA ကို အမြန်ဆုံးလက်မှတ်ထိုးနိုင်ဖို့ ဆန္ဒရှိတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“NCA မှာလည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေသွားနိုင်ဖို့အတွက် အနှစ်သာရတွေ အများကြီးပါတယ်ဗျ။ ဒါကြောင့်မို့လို့ NCA ကတော့ ထိုးသင့်တယ် ပေါ့ဗျာ။ ထိုးနိုင်ဖို့လည်း အစိုးရဘက်က တိုက်တွန်းကြိုးစားနေတာပဲ။ လောခီးလာညီလာခံပြီးလို့ စုဖွဲ့တဲ့ပုံသဏ္ဍန်နဲ့ ချဉ်းကပ်တဲ့ပုံသဏ္ဍန်ကို တိုင်းရင်းသားတွေဘက်က မှန်တယ်ဆိုရင်တော့လည်း NCA က လက်မှတ်ရေးထိုးနိုင်မှာပေါ့လေ။ တကယ်လို့မှ အဲလိုမဟုတ်ဘူးဆိုရင်တော့လည်း NCA ကတော့ ကြာကောင်းလည်း ကြာသွားနိုင်တယ်ပေါ့။ ဒါမှမဟုတ်လည်း အခြား နည်းလမ်းတွေ၊ option တွေဘက်ကိုလည်း ရွေ့ချင်လည်း ရွေ့လာနိုင်တာပေါ့ဗျာ။ ဒါကတော့ ဆက်တော့ ကြည့်ရအုံးမှာပဲဗျ။”

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား နိုင်ငံတော်သမ္မတရှေ့မှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ မူကြမ်းလက်မှတ်ထိုးပြီးနောက်ပိုင်း ဝပြည်ဌာနချုပ် ပန်ဆန်းမှာတစ်ကြိမ်၊ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လော်ခီးလာမှာ တစ်ကြိမ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံကြပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အရေးနဲ့ တိုင်းရင်းသားဒေသတွေက စစ်ရေးအခြေအနေတွေကို အလေးထားဆွေးနွေးခဲ့ပြီးတဲ့နောက်မှာတော့ NCCT အဖွဲ့အစား KNU ဒုတိယဥက္ကဋ္ဌ ဒေါ်နော်စီဖိုးရာစိန်ဦးဆောင်တဲ့ တိုင်းရင်းသားခေါင်းဆောင် ၁၅ ဦး ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။

XS
SM
MD
LG