သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတို့ဒေသပြန်ရေး အဆင်သင့်မဖြစ်ဟု ကုလအကြီးအကဲပြောဆို


Ursula Mueller ရခိုင်မြောက်ပိုင်းဒေသခရီးစဉ် (United Nations OCHA Myanmar)
Ursula Mueller ရခိုင်မြောက်ပိုင်းဒေသခရီးစဉ် (United Nations OCHA Myanmar)

ရခိုင်မြောက်ပိုင်းဒေသတွင်း ဒုက္ခသည်တွေပြန်လည်နေရာချထားရေး ပြင်ဆင်ဆောင်ရွက်မှုတွေကို မတွေ့ရတာကြောင့်၊ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ အဆင်သင့်မဖြစ်သေးဘူးလို့ မြန်မာနိုင်ငံကို ၆ ရက်တာ ခရီးသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှုးချုပ် Ursula Mueller က ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာအနေနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင်းက ဒုက္ခသည်တွေကိုသာမက ရခိုင်မြောက်ပိုင်းဒေသတွင်းမှာရှိနေတဲ့ လိုအပ်ချက်ရှိနေတဲ့လူတွေအတွက်ပါ အကူအညီတွေ ပေးကြဖို့ကိုလည်း သူက တိုက်တွန်းသွားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ပြောပြမှာပါ။

ပြီးခဲ့တဲ့နှစ် ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက် ထွက်ပြေးသွားကြရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားပြီး ပြန်လည်လက်ခံရေး အဆင်သင့်ဖြစ်နေပါပြီလို့ မြန်မာအစိုးရက ပြောဆိုနေတဲ့ကြားမှာပဲ၊ ဒီ ဒုက္ခသည်တွေအတွက် ပြင်ဆင်မှုတွေဟာ ပြည့်စုံလုံလောက်မှုမရှိသေးဘူးလို့ မြန်မာနိုင်ငံကို ၆ ရက်ခရီး ရခိုင်ပြည်နယ်ကို နှစ်ရက်ခရီးသွားရောက်ခဲ့တဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှုးချုပ် Mueller က အခုလို ပြောဆိုလိုက်တာပါ။

“ဒုက္ခသည်တွေ သူတို့ နေရပ်ပြန်နိုင်ဖို့ ပြင်ဆင်ထားမှုတွေ မမြင်ရ မကြားရသလောက်ပါပဲ။ ပြဿနာက မြေယာပိုင်ဆိုင်ခွင့်ကိစ္စတွေလည်း ရှိနေပါတယ်။ ဒုက္ခသည်တွေ နေရာချထားဖို့ ပြင်ဆင်ထားတဲ့အခြေအနေကလည်း အတော့်ကို ဆိုးဆိုဝါးဝါးပါပဲ။”

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ရေး ဘေးကင်းလုံခြုံရေးတွေအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံအကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက လက်မှတ်ထိုးခဲ့ပြီး ဒုက္ခသည်စီစစ်လက်ခံရေးတွေ လုပ်ဖို့ ပြင်ဆင်ထားပေမယ့်၊ အခုအချိန်အထိ အစီအစဉ်တွေ မဖြစ်သေးပါဘူး။

မြန်မာအစိုးရဖက်ကတော့ ဒုက္ခသည်တွေကို ပြန်လည်စီစစ်လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပြီး၊ ကြန့်ကြာနေတဲ့ကိစ္စဟာ ဘင်္ဂလားဒေရ်ှအာဏာပိုင်တွေဖက်က ဒုက္ခသည်တွေအချက်အလက်တွေ အချိန်မီ မပို့ပေးနိုင်တာကြောင့်လို့ အပြစ်တင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရ်ှဖက်ကလည်း ဒုက္ခသည်တွေပြန်လည်လက်ခံရေးမှာ တိုးတက်မှုမရှိသလောက်ပဲဆိုပြီး မြန်မာဖက်ကို ပြန်လည် အပြစ်တင်ထားပါတယ်။ အထူးသဖြင့်တော့ ဒုက္ခသည်တွေကိုယ်တိုင်ကလည်း သူတို့နေရပ်ပြန်ရေးမှာ စိတ်ချလုံခြုံမှုမရှိသေးတာကြောင့်၊ ရခိုင်မြောက်ပိုင်းဒေသ ဒုက္ခသည်တွေပြန်လည်လက်ခံရေးမှာ နိုင်ငံတကာက စောင့်ကြပ်မှုလိုမယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြောဆိုလာပါတယ်။ ဒီကြားထဲမှာ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်နေကြတုန်းပါ။ ကုလ လက်ထောက်အတွင်းရေးမှုးချုပ်ကတော့ အစိုးရနဲ့ စစ်တပ်ကို ဒေသတွင်းမှာ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ သူ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

“အကြမ်းဖက်မှုတွေ ရပ်ကြဖို့ သူတို့ကို ကျမ ပြောခဲ့ပါတယ်။ အကြမ်းဖက်မှုတွေရပ်ပြီးတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Cox’ Bazar မှာရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ သူတို့ဆန္ဒအတိုင်း ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့၊ ပြဿနာရပ်အပေါ်မှာ ခိုင်မြဲတဲ့အဖြေထုတ်နိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးရဲ့ တောင်းဆိုနေတာတွေကို ကျမ ထပ်လောင်း ပြောပြခဲ့ပါတယ်။ ကျမ အဲဒီမှာ မြင်ရ ကြားရသလောက်တော့ ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက်ပါပဲ။ သူတို့ကို အကာအကွယ်ပေးမှုကလည်း မလုံလောက်ပဲ ဒုက္ခသည်တွေ ထွက်ပြေးနေကြရတုန်းပါပဲ။ အခြေအနေကတော့ သူတို့ ပြန်လို့ မရတဲ့ အခြေအနေပါပဲ။”

လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလ လက်ထောက်အတွင်းရေးမှုးချုပ် Mueller ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် စစ်တပ်ကချုပ်ကိုင်ထားတဲ့ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဝန်ကြီးတွေကိုပါ တွေ့ဆုံခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်းဒေသမှာ မွတ်ဆလင်ဒေသခံတွေအတွက် သွားလာခွင့် ကန့်သတ်တာတွေကို ရုပ်သိမ်းဖို့၊ လူသားချင်းစာနာကူညီမှုတွေကို လွတ်လွတ်လပ်လပ် ခွင့်ပြုပေးဖို့ဆိုတာတွေကို မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့စဉ် သူ့အနေနဲ့ မေတ္တာရပ်ခံခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံတကာအနေနဲ့လည်း ဒုက္ခသည်တွေကို အကူအညီပေးရာမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲမှာရှိတဲ့ ဒုက္ခသည်တွေတင်ကိုသာ မကပဲ၊ ရခိုင်မြောက်ပိုင်းမှာရှိတဲ့ မွတ်ဆလင်ဒုက္ခသည်း လေးသိန်းရဲ့ အခြေအနေကိုပါ ထည့်သွင်း အာရုံစိုက်ဖို့ သူက တိုက်တွန်းသွားပါတယ်။

“တကမ္ဘာလုံးက Coz’s Bazar က အခြေအနေကိုပဲ အာရုံစိုက်နေကြပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူ လေးသိန်းနဲ့ သူတို့ရဲ့ အခြေအနေတွေကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။”

ရခိုင်မြောက်ပိုင်းမှာရှိတဲ့ မွတ်ဆလင်ဒုက္ခသည် လေးသိန်းဟာ နေထိုင်စားသောက်ရပ်တည်ရေး ခက်ခဲနေတဲ့အပြင်၊ သူတို့သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ခံထားရတာကြောင့်လည်း အပယ်ခံလိုဖြစ်နေတယ်လို့ ကုလ လက်ထောက်အတွင်းရေးမှုးချုပ်က ပြောပါတယ်။ ကုလ လက်ထောက်အတွင်းရေးမှုးချုပ် Mueller ဟာ မနှစ်က ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသကို သွားရောက်ခဲ့ပြီး၊ အဲဒီမှာရှိတဲ့ ဒေသခံတွေကို တွေ့ဆုံခဲ့သလို ပဋိပက္ခအတွင်း မီးလောင်ခဲ့တဲ့ ကျေးရွာနေရာတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ မြန်မာအစိုးရက စီစဉ်ထားတဲ့ ကြားစခန်းနေရာကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ဒီနောက် စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ကချင်ပြည်နယ်ကိုလည်းသွားရောက်ခဲ့ပြီး ကချင်စစ်ပြေးဒုက္ခသည်တွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG