သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ခေါင်းဆောင် ၂ ဦး ကန်ဒုသမ္မတ အကြံပေးနှင့်ဆွေးနွေး


၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး။
၈၈ မျိုးဆက်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ဟာ သောကြာနေ့ ညနေပိုင်းက ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်ကို သွားရောက်ပြီး ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားအကြံပေး အရာရှိနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာတော့ ကွန်ဂရက်လွှတ်တော်က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ မြန်မာ့အရေးသွားရောက် ဆွေးနွေးပြောဆိုခဲ့ပါသေးတယ်။ အသေးစိတ်ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဦးကိုကိုကြီးက အခုလို စပြီးပြောပြပါတယ်။

“ကျနော်တို့ ဒီနေ့ကတော့ ဆီးနိတ်နိုင်ငံခြားဆက်ဆံရေးကော်မတီ နဲ့ တွေ့ပါတယ်။ နောက်ပြီးတော့ ဆီးနိတ် ဘဏ္ဍာငွေခွဲဝေရေး ကော်မတီ နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ အဲဒါပြီးတော့ မွန်းလွဲပိုင်းမှာတော့ အောက် လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့၊ နောက်ဆုံး အခု ဒုသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Jake Sullivan နဲ့ တွေ့ပါတယ်။ ဒါ ကျနော်တို့ တနေကုန်ပေါ့လေ။ တွေ့ဆုံဆွေးနွေး ခဲ့တာ။

“အဓိက ဆွေးနွေးခဲ့တာကတော့ ကျနော်တို့ လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ်မှာ ကျနော်တို့ရဲ့ အမြင်သုံးသပ်ချက်၊ အဲဒါတွေကို အဓိကထား ဆွေးနွေးပါတယ်။ ကျန်တာကတော့ နိုင်ငံမှာဖြစ်ပျက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကိစ္စ၊ နောက်တခါ ပြီးတွင်းမှာဖြစ်နေတဲ့ မိတ္ထီလာတို့ အစရှိသဖြင့် လူစုလူဝေးလိုက်ဖြစ်နေတဲ့ ပဋိပက္ခတွေ။ အဲဒါတွေကို ဆွေးနွေးပါတယ်။ နောက်တခါ ကျနော်တို့ လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့အခန်းကဏ္ဍ၊ ဝင်လာမယ့်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ အစရှိသဖြင့် အကြောင်းအရာ တော်တော် များများပေါ့လေ။ နောက် ပညာရေး ကျန်းမာရေး ကဏ္ဍတွေ တော်တော်စုံအောင် ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်ခင်ဗျ။”

“လုံခြုံရေးတပ်ဖွဲ့တွေနဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲဖို့ လက်ရှိ မြန်မာ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ကျနော်တို့ အလေးအနက်ထားပြီးတော့ တကယ့်ကို professional army ပေါ့လေ။ တကယ့်လုံခြုံရေးကိစ္စတွေကိုပဲ တာဝန်ယူပြီးတော့ စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့ တပ်မတော်မျိုုးဖြစ်လာအောင်၊ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေဖြစ်တဲ့ တပ်မတော်မျိုးဖြစ်လာအောင်လည်း ကျနော်တို့ ကူညီသင့်တာတွေကိုလည်း ပြောဖြစ်ပါတယ်။

“နောက်တခါ လက်ရှိဖြစ်နေတဲ့ မိတ္ထီလာတို့၊ လားရှိုးတို့မှာဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ကျနော်တို့ကို ပြောပါတယ်။ ဆိုတော့ ပြောတဲ့အခါမှာ ဒီကိစ္စတွေအားလုံးက ပြောကြစို့ဆိုရင် ရခိုင် ပဋိပက္ခကနေ နောက်ဆက်တွဲမှာ ဘာသာရေးအသွင်ဆောင်တဲ့ ပုံစံတွေ ဖြစ်လာတယ်။ ဒါပေမဲ့ ဒါတွေသည် တကယ်သွားပြီးတော့ ပဋိပက္ခဖြစ်တဲ့ အချိန်မှာ ကူညီဖြေရှင်းတာတွေဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ ပါတယ်။ မြန်မာလူငယ်တွေ အဖွဲ့အစည်းတွေ ပါတယ်။ အဲဒီဟာတွေရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာမှာ သိသာထင်ရှားအောင် ဖော်ပြခြင်းမရှိဘဲနဲ့ ကျနော်တို့ကနေပြီးတော့ လူမျိုးတုံး သတ်ဖြတ်နေတယ်။ အဲသည်လိုမျိုး ဖော်ပြနေတာတွေဟာ ပြဿနာကို ဖြေရှင်းရာမရောက်ဘဲ ပိုပြီးတော့ မခံချင်စိတ်တွေ၊ ဒေါသတွေဖြစ်အောင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ လှုံ့ဆော်သလိုမျိုး ဖြစ်နေတယ်။ ဒါတွေဟာ နိုင်ငံတကာမိသားစုဟာ ဒါတွေကိုလည်း နားလည်သင့်တယ်။ သတိပြုသင့်တယ်ဆိုတာတွေလည်း သူတို့ကို ကျနော် ပြောပြပါတယ်။”

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ကရော သဘောတူ လား။ ကျေကျေလည်လည် လက်ခံလား။

“တချို့အပိုင်းတွေကို သူတို့လက်ခံပါတယ်။ လက်ခံတော့ ကျနော်တို့ကလည်း ကျနော်တို့ ပြည်တွင်းမှာလည်း ကျနော်တို့ နိုင်ငံရေး တာဝန်ရှိတဲ့ အဓိက ခေါင်းဆောင်တွေ တော်တော်များများက အကြမ်းဖက်မှုကို မလိုလားဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း တတ်နိုင်သလောက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ သြဇာတိက္ကမရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေ အားလုံးနဲ့ ဖြေရှင်းဖို့ ကြိုးစားသွားမယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ကျနော်တို့အပေါ်မှာ တဘက်သတ် ကောက်ချက်ချနေတာတွေ၊ မှတ်ချက်ချနေတာတွေဟာ တကယ့်အပြုသဘောဆောင်တဲ့အကျိုးရလဒ်တွေ ထွက်မလာဘဲနဲ့ အခြေအနေတွေကို ပိုပြီး ရှုပ်ထွေးစေလိမ့်မယ်ဆိုတာလည်း ကျနော် သူတို့ကို ရှင်းပြပါတယ်ခင်ဗျ။”
XS
SM
MD
LG