သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်ဗျူဟာ ဦးစီးဖို့ ဗိုလ်ချုပ်ကြီး ပီထရီယပ်စ်ကို အတည်ပြု

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေကို ဦးစီးကွပ်ကဲဖို့ သမ္မတ အိုဘားမား အဆိုတင်သွင်းထားတဲ့ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပီထရီယပ်စ် (General David Petraeus) ကို အထက်လွှတ်တော်ကနေ ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါပြီ။ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပီထရီယပ်စ် အမည်တင်သွင်းချက်ကို အထက်လွှတ်တော် အမတ်တွေက တခဲနက် ထောက်ခံ အတည်ပြုပေးလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ် (General Stanley McChrystal) နဲ့ လက်ထောက်တွေက သမ္မတ အိုဘားမား အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေကို လှောင်ပြောင်သရော်တဲ့ မှတ်ချက်ချမှုကြောင့် ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ် အရင်သီတင်းပတ်က ရာထူးက နှုတ်ထွက်ခဲ့တဲ့ နေရာမှာ ဗိုလ်ချုပ်ကြီး ပီထရီယပ်စ်ကို အစားထိုး ခန့်အပ်ဖို့ သမ္မတ အိုဘားမားက ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ပီထရီယပ်စ်ဟာ အီရတ်စစ်ပွဲမှာ စစ်သွေးကြွတွေကို တန်ပြန်တိုက်ခိုက်တဲ့ ဗျူဟာကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့တာကြောင့် ချီးကျူးခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာဖဂန်မှာလည်း အလားတူ လောလောဆယ် စစ်ဆင်ရေးတွေမှာ အောင်မြင်အောင် ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

အာဖဂန်တပ်ဖွဲ့တွေကို လေ့ကျင့် သင်တန်းပေးမှုတွေ၊ ဒေသခံ အစိုးရတွေ အနေနဲ့ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု စွမ်းရည် မြင့်မားအောင် ကူညီနေတဲ့ အချိန်မှာ တဘက်ကလည်း တာလီဘန်တွေက အင်နဲ့အားနဲ့ တိုးပြီး တိုက်ခိုက်လာမှာကို အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ ရင်ဆိုင်ကြရလိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး ပီထရီယပ်စ်က သတိပေးထားပါတယ်။

This item is part of
XS
SM
MD
LG