သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်ပွဲ လျှို့ဝှက်မှတ်တမ်းများ ပေါက်ကြား


အမေရိကန် ပြည်ထောင်စုရဲ့ အာဖဂန်မှာ တိုက်နေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး ပေါက်ကြားခဲ့တဲ့ လျှို့ဝှက် အစီရင်ခံစာတွေလို့ ဆိုတဲ့ မှတ်တမ်းတွေကို ဖော်ပြခဲ့တဲ့အပေါ် အမေရိကန်နဲ့ အာဖဂန် အစိုးရတွေက ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။

အင်တာနက် ၀က်ဘ်ဆိုက်ဒ်ဖြစ်တဲ့ WikiLeaks မှာ လွန်ခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း အာဖဂန်စစ်ပွဲနဲ့ ပတ်သက်တယ်လို့ ဆိုတဲ့ မှတ်တမ်းပေါင်း ၉၁,၀၀၀ ကို မနေ့တုန်းကပဲ ဖော်ပြလိုက်တာပါ။

မှတ်တမ်းတွေထဲမှာတော့ နိုင်ငံခြားတပ်တွေ သောင်းကျန်းသူ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အရပ်သားတွေ သေဆုံးခဲ့မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေလည်း ပါဝင်ပါတယ်။

WikiLeaks အင်တာနက် ၀က်ဘ်ဆိုက်ဒ် ထူထောင်သူ တဦးဖြစ်တဲ့ ဂျူလီယန် အစိန်းဂ် (Julian Assange) ကတော့ ရာဇ၀တ်မှုတွေ ကျုးလွန်ခဲ့မှု ရှိမရှိဆိုတာ တရားရုံးက ဆုံးဖြတ်ရမှာ ဖြစ်ပေမဲ့ သူ့အနေနဲ့ကတော့ စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ အထောက်အထားတွေ ပါဝင်တယ်လို့ ယုံကြည်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

အမေရိကန်သမ္မတ အိမ်ဖြူတော်က အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိမ်းစ် ဂျုန်းစ် (James Jones) ကတော့ အထောက်အထားတွေ အခုလို ပေါက်ကြားခဲ့မှုဟာ တာဝန်မဲ့ လုပ်ရပ်ဖြစ်ပြီး အမေရိကန်တွေ သာမက မိတ်ဘက်တွေကိုပါ အန္တရာယ် ကျရောက်မယ့် အခြေအနေတွေ ဖြစ်စေခဲ့သလို တိုင်းပြည်လုံခြုံရေးကို ခြိမ်းခြောက်မှုတရပ် ဖြစ်တယ်လို့ မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

မှတ်တမ်းတွေက အာဖဂန်မှာ ဖြစ်ပွားနေတဲ့ သောင်းကျန်းမှုတွေကို ပါကစ္စတန် ထောက်လှမ်းရေးက အကူအညီ ပေးနေတာတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး ဟူစိန် ဟက်ကာနီ (Hussain Haqqani) ကတော့ ပါကစ္စတန် အစိုးရ အနေနဲ့ အစ္စလမ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ သန္နိဋ္ဌာန်အပြည့် ချထားပြီး ဖြစ်တယ်လို့ ပြောဆိုလိုက်သလို ဒီအထောက်အထားတွေဟာ လက်တွေ့ အခြေအနေတွေကို ရောင်ပြန်ဟပ်မှု မရှိဘူးလို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG