သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ပစ်ခတ်မှုအတွက် အမေရိကန် လျော်ကြေးပေး


အမေရိကန် စစ်သားတဦးရဲ့ လက်ချက်အဖြစ် စွပ်စွဲထားတဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူ အာဖဂန် နိုင်ငံသားတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို အမေရိကန် ပြည်ထောင်စုက ဒေါ်လာထောင်သောင်းချီ နစ်နာကြေး ပေးအပ်ခဲ့တဲ့အကြောင်း အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။ ကန်ဒါဟာပြည်နယ် အုပ်ချုပ်ရေးမှူးရုံးမှာ နစ်နာကြေးငွေ ပေးအပ်ခဲ့တာလို့ ပြည်နယ်ကောင်စီဝင် တဦးက ဗွီအိုအေကို တနင်္ဂနွေနေ့က ပြောလိုက်တာပါ။

ကန်ဒါဟာပြည်နယ် Panjawai ခရိုင်မှာ ဒီလ ၁၁ ရက်နေ့က ဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ တဦးချင်းအတွက် နစ်နာကြေးအဖြစ် ဒေါ်လာ ၅ သောင်းစီနဲ့ ထိခိုက်ဒဏ်ရာရသူ တဦးစီကို ဒေါ်လာ ၁၁,၀၀၀ စီကို ကျန်မိသားစုဝင်တွေထံ စနေနေ့က ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ သူပုန်တွေရဲ့ အန္တရာယ် ရှိနေတဲ့အတွက် အခမ်းအနားကိုတော့ သတင်းမီဒီယာတွေကို အသိမပေးဘဲ ထားခဲ့တာလို့လည်း ကန်ဒါဟာပြည်နယ် ကောင်စီဝင်က ပြောပါတယ်။

အာဖဂန်မှာရှိတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) ပြောခွင့်ရသူကတော့ အခုသတင်းနဲ့ ပတ်သက်လို့ အတည်ပြုချက် မပေးခဲ့သလို ငြင်းချက်လည်း မထုတ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ညွန့်ပေါင်း တပ်ဖွဲ့ဝင်တွေ အနေနဲ့ နစ်နာကြေး ပေးအပ်ရတာမျိုး ရှိရင်လည်း ထုတ်ဖော် ပြောဆိုခွင့် မရှိဘူးလို့ ဆိုပါတယ်။ အာဖဂန် ယဉ်ကျေးမှုမှာတော့ တစုံတယောက် သေဆုံးတယ်ဆိုရင် တာဝန်ရှိသူ အနေနဲ့ တောင်းပန်တဲ့ အနေနဲ့ ကျန်မိသားစုကို နစ်နာကြေး ပေးအပ်ရလေ့ ရှိပါတယ်။ အမှုကို စုံစမ်းစစ်ဆေးနေတဲ့ အာဖဂန်တာဝန်ရှိသူတွေကလည်း အစောပိုင်းမှာ နစ်နာကြေး အနည်းငယ်စီ သက်ဆိုင်ရာ မိသားစုတွေကို ပေးအပ်ခဲ့တာပါ။

အမှုကို စစ်ဆေးနေတဲ့ အမေရိကန် တာဝန်ရှိသူတွေကတော့ အမေရိကန် စစ်သား Robert Bales အပေါ် လူသတ်ဖို့ ကြိုတင်ကြံစည်မှု ၁၇ မှု၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုနဲ့ လူသတ်ဖို့ ကြိုးပမ်းမှုတွေအတွက် ၆ မှုနဲ့ သောကြာနေ့ကပဲ တရားစွဲဆို ထားပါတယ်။

XS
SM
MD
LG