သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်သား ၉,၈၀၀ ဆက်ထားဖို့ အိုဘားမားလိုလား


အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန် တိုက်ခိုက်ရေးတပ်တွေရဲ့တာဝန် ဒီနှစ်ကုန် ပြီးဆုံးသွားတဲ့အခါ စစ်သား ၉,၈၀၀ ကို ဆက်ပြီးထားလိုတယ်လု့ိ အမေရိကန်သမ္မတ Barack Obama က ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးကို အာဖဂန်တွေကပဲ ယူရတော့မှာဖြစ်တယ်လို့ အိမ်ဖြူတော်ကနေ ကြေညာပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

ရှေ့နှစ်ကစပြီး အာဖဂန်တွေက သူတို့နိုင်ငံ လုံခြုံရေးအတွက်ကို အပြည့်အဝ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အမေရိကန် အမှုထမ်းတွေက အကြံပေးတဲ့ ကဏ္ဍကနေပဲ ရှိနေတော့မှာ ဖြစ်ပါတယ်။ အာဖဂန် မြို့တွေ၊ ရွာတွေ၊ တောတွေ၊ တောင်ကြားတွေမှာ အမေရိကန်တပ်တွေက လုံခြုံရေးအတွက် ကင်းလှည့်တာမျိုးတွေ လုပ်တော့မှာ မဟုတ်ပါဘူး။

ဒီတာဝန်တွေကို အာဖဂန်ပြည်သူတွေက ယူရတော့မှာ ဖြစ်ပါတယ်လို့ သမ္မတ အိုဘားမား ပြောကြားသွားတာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်လုံး အာဖဂန်စစ်ပွဲနဲ့ အီရတ်စစ်ပွဲဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ အဓိက လွှမ်းမိုးနေခဲ့ပြီး အဲဒီစာမျက်နှာကို ချန်ထားခဲ့ဖို့ အချိန်တန်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိ အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်သား ၃ သောင်း ၂ ထောင် ရှိနေပြီး အရင် ၁ သိန်း ရှိခဲ့ရာကနေ လျှော့ချထားတာ ဖြစ်ပါတယ်။ ၂၀၁၅ မကုန်ခင်အထိ ၉,၈၀၀ နဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ သူ အမေရိကန်သမ္မတ တာဝန်ကနေ မဖယ်ရှားခင် တပ်သားအရေအတွက် ၁ ထောင်အောက်ဖြစ်အောင် လျှော့ချသွားမှာ ဖြစ်တယ်လို့လည်း ကြေညာခဲ့ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အမေရိကန် တပ်အင်အား ၁ သိန်းနဲ့တောင် နိုင်အောင် မလုပ်နိုင်ခဲ့တာ အာဖဂန်တွေကို သင်တန်းပေးဖို့ အမေရိကန်စစ်သား ၉,၈၀၀ က လုံလောက်မှာ မဟုတ်ဘူးလို့ အာဖဂန်အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌက VOA Dari ဌာနကို ပြောကြားခဲ့ပါတယ်။ အာဖဂန်သမ္မတသစ်နဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှု ထပ်ရအောင်လုပ်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG