သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ အာဖရိကနိုင်ငံ ၅၀ ထိပ်သီး ညီလာခံ ဝါရှင်တန်မှာကျင်းပ


မြို့တော် ဝါရှင်တန်မှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အာဖရိကခေါင်းဆောင်များရဲ့ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်လာစဉ်။
မြို့တော် ဝါရှင်တန်မှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အာဖရိကခေါင်းဆောင်များရဲ့ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်လာစဉ်။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ အာဖရိကနိုင်ငံခေါင်းဆောင် ၅၀ ကျော်တို့ရဲ့ အစည်းအဝေးကို ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပနေကြပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ အာဖရိကလူထုအခြေပြုလူမှုအဖွဲ့အစည်း ဆွေးနွေးပွဲတွေအတွင်း တက်ရောက်လာကြတဲ့ သူတွေကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ဒီမိုကရေစီ နဲ့ တဦးချင်းစီရဲ့အခွင့်အရေးတွေကို တွန်းအားပေးလုပ်ဆောင်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်း လိုက်ပါတယ်။

ပြည်သူတွေက သူတို့ရဲ့ အစိုးရကို ယုံကြည်နိုင်တယ်ဆိုရင် လူမှုအသိုင်းအဝိုင်းဟာ ပိုပြီးတော့ သာယာဝပြော၊ တည်ငြိမ်ပြီး အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက်မှုတွေ ဖြစ်နိုင်ခြေ နည်း သွားတယ်လို့ အမေရိကန်အနေနဲ့ ယုံကြည်ကြောင်း ဝန်ကြီးက ပြောပါတယ်။ အစောပိုင်းက ကျင်းပတဲ့ စီးပွားရေးအခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲအတွင်းမှာတော့ အမေရိကန်ရဲ့ ရည်မှန်းချက်တချို့ကို ချပြခဲ့ပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှုရှိလာဖို့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားတဲ့ အခွင့်အလမ်းကောင်းတွေရလာဖို့ ကျနော်တို့ရဲ့ မိတ်ဆွေ ဆက်ဆံမှုတွေ ထဲထဲဝင်ဝင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အခုအစည်းအဝေးမှာ ပိုပြီး အရေးကြီးတာကတော့ အစိုးရအုပ်ချုပ်မှုတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကတဆင့် သူတို့ရဲ့ ပြည်သူတွေ စွမ်းရည်မြင့်တက်လာစေဖို့ဖြစ်ပါတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

သမ္မတအိုဘားမားဟာ အင်္ဂါနေ့မှာ ပြုလုပ်မယ့် အမေရိကန်နဲ့ အာဖရိက စီးပွားရေးဆွေးနွေးပွဲကို တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အဲဒီနောက် ဗုဒ္ဓဟူးနေ့မှာ လုပ်သွားမယ့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်းလုံခြုံရေးနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှု တရပ်ပေါ်ထွက်လာဖို့ စတဲ့ ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်သွားမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက်တန်ဖိုးရှိတဲ့ စီးပွားရေးသဘောတူညီချက်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတွက် နောက်ထပ် ရန်ပုံငွေတွေ နဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ အစားအအသောကနဲ့ စွမ်းအင် အစီအစဉ်တွေကို ၃ ရက်ကြာ အစည်းအဝေးအတွင်း ကြေညာသွားဖို့ ရှိနေပါတယ်။

XS
SM
MD
LG