သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် - အာဖရိက ထိပ်သီးညီလာခံစတင်


အာဖရိကဒေသမှာ အမေရိကန်တို့ ဒေါ်လာ ၁၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် ကတိကဝတ်ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ကြေညာဖို့ ရှိပါတယ်။ ဒီကြေညာချက်ကိုတော့ အမေရိကန် သမ္မတ အိုဘားမားနဲ့ အာဖရိကနိုင်ငံတွေက ခေါင်းဆောင် ၅၀ တို့ရဲ့ ဝါရှင်တန်မြို့က ၃ ရက်ကြာ အမေရိကန် အာဖရိက စီးပွားရေးဆိုင်ရာ ညီလာခံမှာ သမ္မတ အိုဘားမားက အင်္ဂါနေ့မှာ ကြေညာမှာပါ။

ဒီရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စွမ်းအင်၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာကဏ္ဍတွေ ပါဝင်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ တနင်္လာနေ့မှာ စတင်ခဲ့တဲ့ အမေရိကန် အာဖရိက ခေါင်းဆောင်တွေရဲ့ ညီလာခံမှာတော့ ဒေသတွင်း လုံခြုံရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ အဂတိလိုက်စားမှု ကိစ္စတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြပါတယ်။

အာဖရိက လူထုအခြေပြု အဖွဲ့အစည်းတခုရဲ့ ဆွေးနွေးပွဲတခုမှာတော့ အာဖရိကနိုင်ငံတွေများ ဒီမိုကရေစီအရေးနဲ့ သီးခြားအခွင့်အရေးတွေအတွက် တွန်းအားပေးကြဖို့ တက်ရောက်လာသူတွေကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က တိုက်တွန်းခဲ့ပါတယ်။ အာဖရိကတိုက်ဟာ ကမ္ဘာပေါ်က စီးပွားရေးဖွံ့ဖြိုးမှု အမြန်ဆုံးတွေထဲမှာ ပါဝင်ပြီး ဒီအာဖရိက နိုင်ငံတွေဟာ အနာဂတ် ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက် ထိထိရောက်ရောက် အထောက်အကူ ဖြစ်မယ်လို့လည်း အမေရိကန် ဒုတိယ သမ္မတ Joe Biden က ပြောဆိုခဲ့တာပါ။

တနင်္လာနေ့ ဆွေးနွေးပွဲမှာတော့ အာဖရိကနိုင်ငံတွေက သမ္မတတွေ ဦးဆောင် ဆွေးနွေးခဲ့ကြပါတယ်။ တောင်အာဖရိက သမ္မတ Jacob Zuma ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်နှစ်မှာ သက်တမ်းကုန်ဆုံးတော့မယ့် ကုန်သွယ်ရေး သဘောတူညီမှုတွေ၊ အာဖရိကဖွံ့ဖြိုးရေးနဲ့ အခွင့်အလမ်းဆိုင်ရာ ဥပဒေတို့ကို တဖန် သက်တမ်းတိုးဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားက အမေရိကန် အာဖရိက စီးပွားရေးဆိုင်ရာ ညီလာခံမှာ အင်္ဂါနေ့မှာ မိန့်ခွန်းပြောမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ စီးပွားရေးဖွံ့ဖြိုးမှု၊ ဒေသတွင်း လုံခြုံရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတို့ကို အဓိကထား ဆွေးနွေးမယ့် အစည်းအဝေးကိုလည်း တက်ရောက်ဖို့ ရှိပါတယ်။

XS
SM
MD
LG