သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ KIO ဆွေးနွေးမှုအပေါ် သံအမတ်ကြီး Mitchell ကြိုဆို


သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ
သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်တွေ နဲ့ ကချင်လက်နက်ကိုင်တွေကြား ဆွေးနွေးမှုတွေ စတင်နိုင်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Dereck Mitchell) က Twitter အင်တာနက် လူမှုကွန်ယက် ကတဆင့် ကြိုဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ မနေ့က တွေ့ဆုံမှုအတွင်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ရဲ့ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြတာပါ။

သံအမတ်ကြီး Mitchell ကတော့ ၂ ဘက်စလုံးက ရန်လိုတဲ့ အပြုအမူတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ဆွေးနွေးမှုတွေ ပေါ်ထွက်လာနိုင်မယ့် သဘောတူညီမှုတွေဟာ အားတက်စရာ ဖြစ်ရကြောင်း နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆက်လုပ်သွားမယ်လို့ ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်တာကိုလည်း ကြိုဆိုကြောင်း ပြောပါတယ်။

မနေ့တုန်းက ရွှေလီမြို့ ဆွေးနွေးပွဲအတွင်းမှာတော့ ၂ ဘက်အကြား နောက်ထပ် ဆွေးနွေးပွဲတွေကို ဒီလမကုန်ခင်မှာ ထပ်မံ ပြုလုပ်သွားဖို့နဲ့ ပဋိပက္ခ ဖြစ်ပွားနေတာတွေ လျော့ပါးရေး စောင့်ကြည့် အကဲခတ်မှုတွေ လုပ်ဆောင်ဖို့၊ ဒေသခံတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အဓိကထား ဆွေးနွေးခဲ့ကြတာပါ။

အမေရိကန် သံအမတ်ကြီး မစ်ချဲ ကတော့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကသာ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရေရှည်တည်တန့်ဖို့အတွက် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြို့မှာ မနေ့ကလုပ်တဲ့ ဆွေးနွေးပွဲကနေ ယုံကြည်မှု ပြန်လည် တည်ဆောက်ရေးနဲ့ ကချင်ဒေသမှာ ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းရေးအပိုင်းကို အဓိကထားပြီး ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် စစ်ရှိန်တွေ လျှော့ချပြီး စစ်ပြေငြိမ်းရေးဆိုတဲ့ အဆင့်အထိ ရောက်အောင် ဆက်လက် ဆွေးနွေးကြဖို့ ကတိပြုခဲ့ကြပါတယ်။ တရုတ်အစိုးရက ကမာကထ လုပ်ပေးခဲ့တဲ့ ဆွေးနွေးပွဲကိုတော့ မြန်မာအစိုးရနဲ့ KIO ကိုယ်စားလှယ်တွေသာမက တရုတ်နိုင်ငံက သံအမတ်ကြီးဟောင်းလည်းဖြစ် အခုအခါ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ Luo Zhaohui တို့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တာဝန်ရှိသူတွေ အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG