သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံအမတ်ကြီးသစ် Scot Marciel မြန်မာတိုင်းရင်းသားတွေနဲ့ တွေ့ဆုံ


(Credit: Kachin Alliance)
(Credit: Kachin Alliance)

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD အစိုးရသစ်အနေနဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ထားတဲ့ Scot Marciel က ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံချိန်မှာ သူက အဲဒီလို ပြောလိုက်တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန် သံအမတ်ကြီးအဖြစ် သွားရောက် တာဝန်ထမ်းဆောင်တော့မယ့် Scott Marciel ဟာ လက်ရှိ တိုင်းပြည်တွင်း အခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်ရောက် တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်တွေ သိနိုင်အောင် ပြည်နယ်ပေါင်းစုံမှာ ရှိနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ကို ဖိတ်ခေါ်ဆွေးနွေးခဲ့တာပါ။

အမေရိကန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် NLD အစိုးရသစ်ပေါ်မှာ မျှော်လင့်ချက်တွေ ရှိနေပေမဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသစ်ရင်ဆိုင်ရမယ့် အခက်အခဲတွေကို သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်မိတယ်လို့ သံအမတ်ကြီး Marciel က ပြောကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San က ပြောပါတယ်။

“စိုးရိမ်မှုတခုကတော့ ပြည်သူလူထုရဲ့ အဓိက မျှော်မှန်းချက်တွေကို NLD အစိုးရကနေပြီးတော့ လုပ်ဆောင်မှု အားနဲသွားမှာ စိုးရိမ်တယ်လို့ သူတို့ပြောပါတယ်။ အဲတော့ ရှိနေတဲ့ အခြေခံဥပဒေအရကနေပြီးတော့ NLD အစိုးရကနေပြီးတော့ အများကြီး လုပ်ဆောင်ပေးဖို့ အတွက်ကတော့ အခက်အခဲတွေ အများကြီး ရှိနေသေးတယ်ဆိုတာ အဲဒါကို သူက ပြောပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ တိုင်းရင်းသားတွေ အပါအဝင် အားလုံး ပူးပေါင်းပါဝင်ဖို့ လိုတယ်လို့ သံအမတ်ကြီးသစ်က အလေးထားပြောခဲ့ကြောင်း Gum San က အခုလို ပြောပါတယ်။

“တိုင်းရင်းသားတွေလည်း ပါဝင်ဖို့ အရေးကြီးတဲ့အကြောင်းလည်း သူက ပြောတယ်။ မြန်မာပြည်ဟာ တကယ်ဆိုရင် နယ်စွန်နယ်ဖျားအားလုံးကတော့ တိုးတက်ဖွံ့ဖြိုးလာဖို့ကတော့ နိုင်ငံရေးတည်ငြိမ်ဖို့အတွက် လိုအပ်တဲ့အချက် သူက အဲ့လို ပြောပြပါတယ်။ နောက်ဆုံးကတော့ ကျနော်တို့နိုင်ငံ ပြောင်းလဲဖို့က ကျနော်တို့ပဲ အဓိကလုပ်ရမယ့်အလုပ် ပေါ့နော်။ အမေရိကန်ကလည်း ကူညီလို့ရတယ်။ ဒါပေမဲ့ တကယ် ပြောင်းလဲဖို့ကတော့ ပြည်သူလူထုတွေကနေ အဓိကလုပ်ရမယ့်အလုပ် ဖြစ်တယ်ဆိုတာကို ပြောခဲ့တာပါ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးမှုတွေကို အပြုသဘောအဖြစ် ကြိုဆိုပေမဲ့ တိုင်းရင်းသားတွေဘက်က စိုးရိမ်နေတဲ့ အချက်ကိုလည်း သံအမတ်ကြီးသစ်ကို တင်ပြခဲ့တယ်လို့ Gum San က ဆိုပါတယ်။

“ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ကအစ သူ့ရဲ့ပြောဆိုမှုတွေ နားထောင်ရရင် ပိုပြီးမှတော့ အပြုသဘော ဆောင်မယ်လို့ကတော့ ထင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်ချက်အကြီးကြီး တခုရှိတာကတော့ စစ်တပ်နဲ့ အပေးအယူလုပ်တဲ့ အချိန်မှာ ပေးတဲ့ဘက်မှာ ကျနော်တို့ တိုင်းရင်းသားတွေချည်းပဲ ဖြစ်သွားမှာကို ကျနော်တို့ အင်မတန်မှ စိုးရိမ်တယ်လို့ ကျနော်ကတော့ ပြောခဲ့ပါတယ်။”

ဒါ့အပြင် ကချင်ပြည်နယ်မှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ဦးဆောင်ပြီး ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးတဲ့ လှုပ်ရှားမှုတွေမှာ အာဏာပိုင်တွေဘက်က ကန့်သတ်ပိတ်ပင်မှုတွေ ရှိခဲ့ကြောင်းနဲ့ ဘိန်းစွဲသူဦးရေဟာ တိုင်းရင်းသားဒေသတွေမှာ အဆမတန် များလာတဲ့ အခြေအနေတွေကိုလည်း ကချင်ခေါင်းဆောင်တဦးအနေနဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကချင်လူမျိုး တမျိုးတည်းမဟုတ်ဘူး။ ကျန်တဲ့တိုင်းရင်းသားတွေလည်း ထိုနည်းတူ ပြောဆိုတာကို ကျနော်တို့ မြင်နေရတယ်။ ရှမ်းတွေလည်း အတူတူပဲ။ တိုင်းရင်းသားနေရာတွေကို စစ်အေးလိုမျိုးနဲ့ ပုံသဏ္ဍာန်ဆောင်ပြီး လုပ်နေတဲ့ဟာတွေကို ကျနော်တို့က ပိုစိုးရိမ်တယ်။ အစိုးရကနေပြီးတော့ ဘိန်းပပျောက်ရေး၊ ဘိန်းပပျောက်ရေးဆိုပေမဲ့ အစိုးရက ဝင်စီးတဲ့အခါမှာ ဘာဖြစ်လို့ ဒီဆိုင်တွေ၊ ဖောက်ကားတဲ့သူတွေ ထွက်ပြေးလို့ရသလဲ။ ကြိုတင်ပြီးမှ ထွက်ပြေးသွားတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီး ကချင်ပြည်နယ်မှာ ဒီလောက်တောင် ဘိန်းစားများတာ ထောင်နဲ့ သောင်းနဲ့ သိန်းနဲ့ချီပြီးမှ ရှိတဲ့ ပြည်နယ်မှာ ဘိန်းဖျက်ခင်းဆိုတာ တရုံပဲရှိတာ တကယ်ကို အံ့သြစရာ ကောင်းပါတယ်။”

သံအမတ်ကြီး Marciel ဘက်ကလည်း လက်ရှိ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတွေကို အသေးစိတ်ကို မေးမြန်းခဲ့သလို အမေရိကန်ဘက်က ဘယ်လို ကူညီပေးနိုင်သလဲဆိုတဲ့ မေးခွန်းတွေကိုလည်း မေးမြန်းခဲ့တယ်လို့ Gum San ကပြောပါတယ်။

“ကျနော်တို့ တောင်းဆိုတာကတော့ ပပျောက်ရေးမှာ တမျိုးမှာ ပါဝင်ပေးပါ။ နောက်တခုက ဒီ စီအက်စ်အို တို့ ကျနော်တို့ ကချင်ပြည်နယ်မှာတော့ လူထုအဖွဲ့အစည်းကနေ အဓိကပဲ လုပ်နေရတာပါ ဒီဟာတွေက အဲလိုဆိုတော့ လုပ်နေတဲ့ဟာမှာ ကူညီပေးဖို့နော်။ သို့မဟုတ် ငွေကြေးအရရော၊ မူးယစ်ဆေးဝါးကို ပြန် ဘိန်းဖျက်တဲ့လုပ်ငန်းစဉ်တွေမှာပေါ့နော် ပါဝင်ပေးဖို့ ကျနော်တို့က တောင်းဆိုခဲ့ပါတယ်။”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဝါရှင်တန်ဒီစီ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို အမေရိကန် ပြည်ထောင်စု ပြည်နယ်ပေါင်းစုံမှာ နေထိုင်နေကြတဲ့ ကချင်၊ ကရင်နီ၊ ချင်း၊ မွန်နဲ့ ရှမ်း တိုင်းရင်းသား ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသစ်အဖြစ် ခန့်အပ်ခံထားရတဲ့ Scot Marciel ဟာ အရင်က အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၀-၂၀၁၃ ခုနှစ်ထိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်ခဲ့ပြီး ၂၀၀၇-၂၀၁၀ ပြည့်နှစ်ထိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ချိန်မှာ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပါတယ်။

XS
SM
MD
LG