သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ထိပ်တိုက်အန္တရာယ် သမ္မတ Xi Jinping သတိပေး


အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ထိပ်တိုက်ပဋိပက္ခ ဖြစ်မယ်ဆိုရင် သေချာ ပေါက်ကို ဘေးအန္တရာယ် ကျရောက်လိမ့်မယ်လို့ နှစ်ပတ်လည် မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲနေ့မှာ တရုတ်သမ္မတ Xi Jinping က ပြောလိုက်ပါတယ်။

“တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါတဲ့ အောင်မြင်မှုဖြစ်နိုင်ပြီး နှစ်နိုင်ငံစလုံးနဲ့ ကမ္ဘာကြီးအတွက် အကျိုးဖြစ်နိုင်ပါတယ်။ တရုတ်-အမေရိကန် ထိပ်တိုက်ပဋိပက္ခဖြစ်တာကတော့ နှစ်နိုင်ငံစလုံးအတွက်ရော ကမ္ဘာကြီးအတွက်ပါ ဘေးအန္တရာယ်ပါပဲ။ ဒီအခြေအနေတွေအောက်မှာ ကျနော်တို့ နှစ်နိုင်ငံစလုံးဟာ ခပ်ဝေးဝေးကို လှမ်းမျှော်ကြည့်သင့်ပြီး ထိပ်တိုက် ရင်ဆိုင်တာကို ရှောင်ပြီးတော့ ပူးပေါင်းဆောင်ရွက် ခိုင်မာ အားကောင်းအောင် လုပ်သင့်ပါတယ်။” - လို့ တရုတ်သမ္မတ Xi Jinping က ပြောသွားတာပါ။

ဘေဂျင်းမြို့တော်မှာ ဒီကနေ့ စတင်တဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ အမေရိကန်နဲ့ တရုတ် ထိပ်တန်းတာဝန်ရှိသူတွေ အထူးအလေးထား ဆွေးနွေးကြမှာပါ။

တရုတ်သမ္မတရဲ့ သဘောထားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jack Lew တို့ကလည်း ထပ်တူ ပြောခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တရုတ်ကိုထိန်းချုပ်ဖို့ ကြိုးစားနေတာမဟုတ်ဘဲ တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်း တည်ငြိမ် ချမ်းသာ ကြွယ်ဝပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Kerry က ပြောခဲ့ပါတယ်။

XS
SM
MD
LG