သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအန္တရာယ် ကန်-ဂျပန်ဆွေးနွေး


အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး Joseph Dunford နဲ့ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘဲတို့ ဂျပန်နိုင်ငံ တိုကျိုတွင်တွေ့ဆုံ။( သြဂုတ် ၁၈-၀၈-၂၀၁၇)

မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးကျည်ခြိမ်းခြောက်မှုအန္တရာယ်ကို တိုးမြှင့်ကာကွယ်တဲ့ အနေနဲ့ အမေရိကန်နဲ့ဂျပန်ပူးပေါင်းပြီး မြေပြင်အခြေစိုက် Aegis ကမ်းခြေ ကာကွယ်ရေးစနစ်ကို တည်ဆောက်မယ်လို့ကြေညာလိုက်ပါတယ်။ ကိုရီးယားကျွန်း ဆွယ်မှာ နျူကလီးယားကင်းစင်ရေး ကြိုးပမ်းမှုတရပ်အနေနဲ့ အာရှသုံးနိုင်ငံ ခရီးထွက်နေတဲ့ အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး Joseph Dunford ဂျပန်နိုင်ငံမှာရောက်နေတုန်း အခုလိုကြေညာခဲ့တာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက် ပြီးပြောပြပါလိမ့်မယ်။

ဖိစိဖိတ်သမုဒ္ဒရာအတွင်းက အမေရိကန်ပိုင်တဲ့ Guam ကျွန်းနားကို တာလတ်ပစ် မစ်ဇိုင်းဒုံးကျည်တွေနဲ့ ပစ်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ပြီး ရက်ပိုင်း အတွင်းမှာပဲ တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေဆီကို ခရီးထွက် သွားတဲ့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joseph Dunfordဟာ လောလောဆယ်ဂျပန်နိုင်ငံမှာ ရောက်နေပြီး ဂျပန်စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်တွေ နဲ့တွေ့ဆုံမှုတွေ ရှိနေပါတယ်။ မြောက်ကိုရီးယားရဲ့တိုက်ခိုက်မှုက ဂျပန်ကိုပဲဖြစ်စေ၊ အမေရိကန်ကိုပဲဖြစ်စေ ၂နိုင်ငံလုံးကိုတိုက်ခိုက်တဲ့ အဓိပ္ပါယ်ပဲလို့ ဗိုလ်ချုပ်ကြီး Dunford ကပြောပါ တယ်။

" ဒေသတွင်းမှာ မြောက်ကိုရီးယားကပဲဖြစ်ဖြစ် ဘယ်သူကပဲဖြစ်ဖြစ် ဂျပန်ကိုသော်၎င်း၊ အမေရိကန်ကိုသော်၎င်း တိုက် ခိုက်မှုတခုလုပ်လာရင် ဒါဟာ ကျနော်တို့၂နိုင်ငံလုံးကို တိုက်ခိုက်တာပဲဆိုတာ ကျနော်တို့ရှင်းရှင်းလင်းလင်း သဘော ပေါက်ထားပြီးသားလို့ ကျနော်ထင်ပါတယ်"

ဗိုလ်ချုပ်ကြီး Dunfordဟာ ဂျပန်ကာကွယ်ရေးတပ်မတော်ရဲ့စစ်ဦးစီးချုပ် Katsutoshi Kawanoနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘဲတို့နဲ့ တိုကျိုမြို့မှာ မနေ့ကတွေ့ဆုံခဲ့ပြီး ဂျပန်နဲ့အမေရိကန် မဟာမိတ်၂နိုင်ငံအကြား အထူးခိုင်မာပြီးအား ကောင်းတဲ့ စစ်ဘက်ဆက်ဆံရေးလုပ်ဆောင်သွားကြဖို့ ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်။

ဂျပန်စစ်ဦးစီးချုပ် Kawano ကလည်း ဂျပန်အမေရိကန်၂နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေပိုရှိလာဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။

"အမေရိကန်ပြည်ထောင်စုကနေ ဒုံးခွင်းဒုံးကျည်ကာကွယ်ရေးစနစ်ကို အားဖြည့်ပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာဖို့ ကျနော်တို့မျှော်လင့်တယ်လို့ ဂျပန်ဘာသာ စကားနဲ့ပြောသွားခဲ့တာပါ"

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မစ်ဇိုင်းဒုံးကျည်ကာကွယ်ဖို့ မြေပြင်အခြေစိုက် Aegis ကမ်းခြေကာကွယ် ရေး အရန်စံနစ်တခုကို ဂျပန်နိုင်ငံမှာတည်ဆောက်ဖို့ အမေရိကန်နဲ့ဂျပန်အခုသဘောတူခဲ့ကြပါပြီ။

လောလောဆယ် ဂျပန်မှာရှိနေတဲ့ ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်က စစ်သင်္ဘောတွေမှာ တတ်ဆင်ထားတာဖြစ်ပြီး မစ်ဇိုင်းဒုံးကျည်တွေကို လေထုထဲမှာပဲ ကြားဖြတ်ပစ်ချနိုင်တဲ့ စံနစ်ပါ။ အခုထပ်ပြီးတက်ဆင်မယ့် စံနစ်ကတော့ အကယ်၍ သင်္ဘောပေါ်က ဒုံးခွင်း ဒုံးတွေ ပစ်လို့ လွဲချော်ခဲ့ရင် မြေပြင်ကနေထပ်ပြီး ပစ်လို့ရတဲ့ ကာကွယ်ရေးစနစ်ပါ။

အမေရိကန် ဗိုလ်ချုပ်ကြီး Joseph Dunfordဟာ အခုတပါတ်စောစောပိုင်းက သူရဲ့အာရှ၃နိုင်ငံခရီးကို စတင်ခဲ့ပြီး တောင် ကိုရီးယားကိုအရင်သွားခဲ့ပါတယ်။ အဲဒီမှာ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နဲ့စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေနဲ့ သူတွေ့ဆုံခဲ့ပါတယ်။

တောင်ကိုးရီးယားမှာဒုံးခွင်းဒုံးစနစ်အပြည့်အ၀ချထားနိုင်ရေးပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဒုတိယခရီးဆက်တာကတော့ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံမှာလည်း တရုတ်သမ္မတ ရှီကျင်းပင်အပြင် တရုတ်စစ်ဦးစီးချုပ် တို့နဲ့လည်းတွေ့ဆုံခဲ့ပြီး အမေရိကန်နဲ့ တရုတ်၂နိုင်အကြား စစ်ရေးသဘောတူညီမှု လက်မှတ်တွေရေးထိုးခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး Dunfordရဲ့ ခရီးစဉ်ကို ဂျပန်နိုင်ငံမှာ အဆုံးသတ်မှာဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ထား တဲ့ Guam ကျွန်းနားကို ဒုံးကျည်ပစ်မယ့်ကိစ္စကတော့ ရွှေ့ဆိုင်းထားတယ်လို့ကြေညာပါတယ်။

အမေရိကန်ဘက်ကတော့ သံတမန်ရေးနည်းလမ်းတွေနဲ့ကြိုးပမ်းပြီး မြောက်ကိုရီးယား အရေးကို ဖြေရှင်းလိုတယ်လို့ပြောဆိုမှုတွေရှိနေပြီး အထူးသံ တမန်တဦးကိုလည်း မြောက်ကိုရီးယားကို စေလွှတ်ဖို့ အမေရိကန် သမ္မတဒေါ်နလ်ထရမ့်က စဉ်းစားနေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားအန္တရာယ် ကန်-ဂျပန်ဆွေးနွေး
please wait

No media source currently available

0:00 0:03:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG