သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားမြို့တော် ရုရှား သံရုံး ဒုံးကျည်နဲ့ တိုက်ခိုက်ခံရ


ဆီးရီးယား နိုင်ငံ မြို့တော် Damascus က ရုရှားသံရုံးကို အင်္ဂါနေ့မှာ သူပုန်တို့က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့။
ဆီးရီးယား နိုင်ငံ မြို့တော် Damascus က ရုရှားသံရုံးကို အင်္ဂါနေ့မှာ သူပုန်တို့က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့။

ဆီးရီးယား နိုင်ငံ မြို့တော် Damascus က ရုရှားသံရုံးကို ဒီကနေ့ အင်္ဂါနေ့မှာ သူပုန်တို့က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာဆိုရင် အကြမ်းဖက် လုပ်ရပ် ဒါမှမဟုတ်လည်း အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို ချေမှုန်းနေသူတွေကို ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံတွင်း ရုရှားတို့ရဲ့ သတင်း ၂ ပတ်ကြာ စစ်ဆင်ရေးကို ထောက်ခံတဲ့ အနေနဲ့ ရာနဲ့ချီတဲ့ လူတွေ ရုရှားသံရုံး အဆောက်အအုံဝင်း အပြင်ဘက်မှာ စုဝေးရောက်ရှိနေကြချိန် ဒုံးကျည် ၂ စင်းတို့ သံရုံးအဆောက်အအုံဝင်းကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဆိုတာနဲ့ သေဆုံးဒဏ်ရာရမှု ဘယ်လောက် ရှိလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်တဲ့ အနေနဲ့ ရုရှားနိုင်ငံသားတွေကို ပစ်မှတ်ထားကြဖို့ ဆီးရီးယား နိုင်ငံတွင်းက al-Qaida အဆက်အနွယ် Al-Nusra တပ်ဦးက ကော့ကေးဆပ် ဒေသက စစ်သွေးကြွတွေကို တပ်လှန့်ထားတဲ့ အသံဖိုင်လည်း တနလာၤနေ့နှောင်းပိုင်းတုန်းက ထွက်ပေါ်ခဲ့ပါတယ်။

တချိန်တည်းမှာဘဲ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံတို့ကြား နားလည်မှု ရရှိရေးနဲ့ ဆီးရီးယား ပဋိပက္ခ အဆုံးသတ်ရေး နိုင်ငံရေး လုပ်ငန်းစဉ်တခု ရှေ့တိုးလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းမှု တစိတ်တပိုင်း အနေနဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Staffan de Mistura ဟာ ရုရှားနိုင်ငံမှာ ဒီကနေ့ သွားရောက် ဆွေးနွေးနေပါတယ်။

ဒီနောက်မှာတော့ ကုလ အထူးကိုယ်စားလှယ် Staffan de Mistura က အမေရိကန် ပြည်ထောင်စု ဝါရှန်တန် မြို့တော်ကို အလားတူ သွားရောက် ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။ ဆီးရီးယား နိုင်ငံတွင်း ၂၀၁၁ ခုနှစ် မတ်လ ကတည်းက စတင်ခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတွင်းက အကြမ်းဖက်သမားတွေကို တိုက်ခိုက်ချေမှုန်းမှုက အရေးကြီးသလို ဒေသတွင်းက ပါဝင်ပတ်သက်သူ အားလုံးတို့ ပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တခုလည်း တပြိုင်တည်းမှာ လိုအပ်တယ်လို့ ကုလ အထူးကိုယ်စားလှယ် Staffan de Mistura က မနေ့ တနလာၤနေ့တုန်းက ဂျီနီဗာမှာ ပြောဆိုခဲ့ပါတယ်။

ရုရှားတို့ရဲ့ ဆီးရီးယား အပေါ် လေကြောင်းတိုက်ခိုက်မှုတွေက အခြေအနေတွေကို တမျိုးတမည် ပြောင်းလဲသွားစေတယ်လို့လည်း ကုလ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ရုရှားတို့ လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ သတင်း ၂ ပတ်က စလို့ တကျော့ပြန် ဖြစ်လာတဲ့ ပဋိပက္ခတွေ အတွင်း ဆီးရီးယား အနောက်မြောက်ပိုင်းက ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေ အတွက် ဆေးကုသပေးရေး အကူအညီနဲ့ တခြား အရေးပေါ် လိုအပ်ချက်တွေကိုလည်း ဆွေးနွေးဖို့ စီစဉ်ထားတယ် လို့လည်း ပြောပါတယ်။

ဆီးရီးယားနိုင်ငံတွင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့ကြားမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ကလည်း မနေ့ တနလာၤနေ့က ပြောဆိုထားပါတယ်။

XS
SM
MD
LG