သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ စင်ကာပူဝန်ကြီးတွေ မြန်မာ့ငြိမ်းချမ်းရေး လမ်းစမမြင်


Secretary of State Antony Blinken, right, shakes hands with Singapore's Foreign Minister Vivian Balakrishnan, after a news conference at the State Department, Friday, June 16, 2023, in Washington. (AP Photo/Jacquelyn Martin)
Secretary of State Antony Blinken, right, shakes hands with Singapore's Foreign Minister Vivian Balakrishnan, after a news conference at the State Department, Friday, June 16, 2023, in Washington. (AP Photo/Jacquelyn Martin)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် အကောင်းမြင်ဖို့ခက်တယ်လို့ အမေရိကန်နဲ့ စင်္ကာပူတို့က ပြောကြားလိုက်ကြပါတယ်။ ဝါရှင်တန်မြို့တော်ကို လာရောက်တဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဇွန်လ ၁၆ ရက် သောကြာနေ့က တွေ့ဆုံခဲ့ကြစဉ်မှာ အခုလို ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံ ဘယ်တော့ ပြန်ငြိမ်းချမ်းမှာလဲဆိုတာ အကြီးမားဆုံး မေးခွန်းဖြစ်နေတယ်လို့” စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Balakrishnan က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ကိုပြောပြီး၊ သူ့အနေနဲ့တော့ အဆိုးဘက်ကပဲ မြင်နေတယ်လို့ ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ပြောကြားသွားတဲ့ အတိုင်းပဲလို့ အခုလို တုံ့ပြန်ခဲ့ပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ပြောသွားသမျှ စကားတိုင်းက သူနဲ့ သဘောထားတခုတည်းဖြစ်ကြောင်း၊ အထူးသဖြင့် နောက်ဆုံးပြောသွားတဲ့ အကောင်းမြင်လို့ မရသေးဘူးဆိုတဲ့ အချက်ကို သူတို့နှစ်ယောက်လုံး လက်ခံတယ်လို့” အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အမေရိကန်အနေနဲ့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီဖို့ အာရုံစိုက်ထားတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိသေးဘူးဆိုတာကိုလည်း အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး ၂ ယောက်လုံးက ပူးတွဲသတင်းစာရှင်းပွဲမှာ ထောက်ပြသွားခဲ့ပါတယ်။

ဒီသဘောတူညီချက်တွေကို သိသာတဲ့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ မလုပ်သေးမချင်း၊ မြန်မာကို ထိပ်သီးဆွေးနွေးပွဲအဆင့် မပြောနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေမှာတောင် ပြန်လည်တက်ရောက်ခွင့်ပေးဖို့ စောနေသေးတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Balakrishnan က ပြောကြားခဲ့ပါတယ်။ မကြာခင်ကကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေ အားလုံး ဒါကို လက်ခံထားတယ်လို့ သူက ဝါရှင်တန်မြို့တော်မှာ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG