သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NGO ရုံးတွေ တိုက်ခိုက်ခံရမှု ကုလနဲ့ကန် စိုးရိမ်


စစ်တွေက နိုင်ငံတကာ အကူအညီပေးရေးလုပ်သားတွေနဲ့ NGO ဝန်ထမ်းတွေ ပြည်တွင်းလေကြောင်းလိုင်းနဲ့ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာ။ (မတ် ၂၇၊ ၂၀၁၄)
စစ်တွေက နိုင်ငံတကာ အကူအညီပေးရေးလုပ်သားတွေနဲ့ NGO ဝန်ထမ်းတွေ ပြည်တွင်းလေကြောင်းလိုင်းနဲ့ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာ။ (မတ် ၂၇၊ ၂၀၁၄)
ရခိုင်ပြည်နယ်က ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ရုံးတွေ တိုက်ခိုက်ခံခဲ့ရတဲ့ အပေါ် အထူး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြောလိုက်ပါ တယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အကာအကွယ်ပေးဖို့ ကုလ သမဂ္ဂက မြန်မာအစိုးရကို တောင်းဆိုသလို အကူအညီပေး လုပ်သားတွေ ဘေးကင်းလုံခြုံရေး အထူးအရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေအပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ရဲ့ ကြာသပတေးနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွေအတွင်း အသီးသီး တုန့်ပြန် ပြောဆိုခဲ့ကြတာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူလူချင်းအကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူးရဲ့ ထုတ်ပြန်ချက်ကို ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ နေရာဌာန တွေကို ဘယ်သူဘယ်ဝါမှန်းမသိသူတွေက မကြာသေးခင်က တိုက်ခိုက်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ လူလူချင်း အကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး Toily Kurbanov က အထူးပဲ စိုးရိမ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာအစိုးရက အကာအကွယ်ပေးဖို့ သူ့ရဲ့ထုတ်ပြန်ချက် ထဲမှာ တောင်းဆိုထားပါတယ်။ ဘေးရန်မကင်းတဲ့ကြားကပဲ ကုလသမဂ္ဂနဲ့ လူလူချင်းစာနာမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လိုအပ်နေသူတွေကို အသက်ကယ် အကူအညီတွေ ဆက်ပြီး ပေးသွားဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်။”

စစ်တွေမြို့အခြေစိုက် Malteser International အဖွဲ့ရဲ့ဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာလုပ်တယ်ဆိုတဲ့ သတင်း ထွက်လာပြီးတဲ့နောက် စစ်တွေမှာရှိတဲ့ NGO ရုံးတွေ၊ NGO ဝန်ထမ်းတွေ နေထိုင်တဲ့ အိမ်တွေကို ဒေသခံအချို့က ဗုဒ္ဓဟူးနေ့ညနေပိုင်းကစပြီး ဖျက်ဆီးခဲ့ကြ တယ်လို့ စစ်တွေပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ဗွီအိုအေကိုပြောပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေဟာ ကြာသပတေးနေ့ မနက်ပိုင်းအထိ ဆက်ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီအခြေအနေအပေါ် အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Marie Harf က အခုလိုပြောပါတယ်။

“အိုးအိမ်တွေပျက်စီးခဲ့ရပြီး အမေရိကန်နိုင်ငံသား သုံးဦးထက်မနည်းအပါအဝင် အပြည်ပြည် ဆိုင်ရာ အကူအညီပေး လုပ်သားတွေကို ဘေးကင်းရာဆီ အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်း ခဲ့တဲ့ထိဖြစ်ခဲ့ရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို စစ်တွေမြို့မှာ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အပေါ် ကျမတို့ အထူးပဲ စိုးရိမ်ပါတယ်။”

လူလူချင်းစာနာမှုဆိုင်ရာ အကူအညီပေးလုပ်သားတွေရဲ့ လုံခြုံရေးအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်မှုတချို့ ရှိပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့အင်အား အလုံ အလောက်မရှိတာ၊ တရားဥပဒေစိုးမိုးမှု အားနည်းတာ၊ အကြမ်းဖက်မှု မဖြစ်အောင်နဲ့ မပြန့်ပွား အောင် အကာအကွယ်ပေးဖို့၊ အကူအညီပေးလုပ်သားတွေ၊ သူတို့ရဲ့ရုံးတွေနဲ့ တခြား အကာ အကွယ်မဲ့လူထုတွေကို အကာအကွယ်ပေးဖို့ အားနည်းတာတွေအပေါ် အထူးစိုးရိမ်ဆဲ ဖြစ်ပါ တယ်လို့လည်း မာရီး ဟာ့ဖ်ကပြောပါတယ်။

အကြမ်းဖက်အခြေအနေ စဖြစ်ရတာကတော့ Malteser International အဖွဲ့ရဲ့ နိုင်ငံခြားသူ ဝန်ထမ်းက သာသာနာ့အလံကို ဆွဲဖြဲပြီး မတော်တရော်လုပ်တာကို ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက မြင်သွားပြီးတော့ သတင်းပြန့်သွားတာကနေ မကျေမနပ်ဖြစ်သူတွေ စုဝေးပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဦးအောင်မြတ်ကျော်က ရှင်းပြပါတယ်။

လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့အတွက် လုပ်ဆောင်ရမှာတွေကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက မြန်မာတာဝန်ရှိသူတွေနဲ့ ဆက်သွယ် ဆွေးနွေးနေတယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

“လိုအပ်နေသူတွေအတွက် လူလူချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမဲ့ ပုံမှန် ရောက်ဖို့နဲ့ အဲဒီအကူအညီတွေကို ထိထိရောက်ရောက် ပေးပို့နိုင်ဖို့ရာ လူလူချင်းစာနာမှုဆိုင်ရာ လုပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ အထူးအရေးကြီးပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခရဲ့ အရင်းခံအကြောင်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ရေရှည်ခံမယ့်အဖြေတစ်ခုရရှိရေး လုပ်ဆောင်ဖို့၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေအနေတွေကို ဖန်တည်းပေးဖို့ မြန်မာအစိုးရကို ကျမတို့ ဆက်ပြီး အားပေးတိုက်တွန်းပါတယ်။ ဒီ ကြိုးပမ်းမှု တွေမှာ ကူညီထောက်ပံ့ဖို့ အမေရိကန်ပြည်ထောင်စုက အဆင်သင့်ရှိပါတယ်။”

သင့်တင့်လျောက်ပတ်တဲ့ တုန့်ပြန်မှု လုပ်ဆောင်ဖို့နဲ့ ကျူးလွန်သူတွေ တာဝန်ခံမှုရှိစေရေး သေချာအောင်လုပ်ဖို့ ကုလသမဂ္ဂရဲ့ လူလူချင်းအကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး တွိုင်လီ ကူရ်ဘာနော့ဗ်ကလည်း မြန်မာတာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသလို နိုင်ငံခြားသားတွေ အကုန်လုံးကို စစ်တွေဟော်တယ်မှာ လုံခြုံရေး ပေးပြီးတော့ ရန်ကုန်ပြန်နိုင်အောင် စီစဉ်ပေးနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
XS
SM
MD
LG