အမေရိကန်စစ်တပ် လေကြောင်းဆိုင်ရာဌာနအားလုံးမှာ လိုအပ်တဲ့ သင်တန်းတွေ မတက်ပြီးမချင်း လေယာဉ်ပျံသန်းမှု အားလုံးကို ရပ်ထားဖို့ ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အရေးကြီးတဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေသူတွေကလွဲလို့ ကျန်တဲ့ လေယာဉ်မှူးတွေအားလုံး လေယာဉ်ပျံသန်းမှုတွေကို ရပ်ထားရမယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Alaska ပြည်နယ်မှာ စစ်သား ၃ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရခဲ့တဲ့ စစ်ရဟတ်ယာဉ် ၂ စီးတိုက်မှု ဒီသီတင်းပတ်ထဲ ဖြစ်ခဲ့ပြီးနောက်မှာ အခုလို အမိန့်ထုတ်ပြန်တာ ဖြစ်ပါတယ်။ မတ်လတုန်းကလည်း Kentucky ပြည်နယ်မှာ စစ်တပ်ရဲ့ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး Black Hawk ရဟတ်ယာဉ် ၂ စင်း ညဘက်လေ့ကျင့် ပျံသန်းနေစဉ် တိုက်မိခဲ့ပြီး စစ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။
အခုလို ၁ လအတွင်း စစ်သား စုစုပေါင်း ၁၂ ယောက်သေဆုံးရတဲ့ ရဟတ်ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်၊ မဖြစ်မနေ ပျံသန်းဖို့ မလိုအပ်တဲ့ ပျံသန်းမှုတွေကလွဲလို့ ရပ်နားလိုက်တာ ဖြစ်ပါတယ်။ စစ်လေယာဉ်မှူးတွေရဲ့ လုံခြုံရေးဟာ ထိပ်တန်း ဦးစားပေးဖြစ်တဲ့အတွက် နောက်ထပ် မတော်တဆမှုတွေ မဖြစ်အောင်နဲ့ နောက်ထပ် စစ်သားတွေ မဆုံးရှုံးရအောင် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ အသေအချာလုပ်ဖို့ အရေးကြီးတယ်လို့ စစ်တပ်ဦးစီးချုပ် James McConville ကပြောကြားထားပါတယ်။ လိုအပ်တဲ့ သင်တန်းတွေကို မတက်ပြီးမချင်း ပျံသန်းမှု လုံး၀ မလုပ်ရလို့လည်း သူက အမိန့်ထုတ်ထားပါတယ်။