အမေရိကန်ကြည်းတပ်ရဲ့ ပစိဖိတ်ဒေသဆိုင်ရာ တပ်မှူးက သူ့အနေနဲ့ မြန်မာစစ်ဘက်နဲ့ ပိုပြီးအနီးကပ်ဆက်ဆံဖို့ စိတ်အားထက်သန် နေတယ်လို့ အင်္ဂါနေ့က ပြောတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း အမေရိကန်အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို စောင့်ရမယ်လို့တော့ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက စစ်ဘက်ခေါင်းဆောင်တွေက လည်း အမေရိကန်နဲ့မြန်မာအကြား အဲဒီလို ဆက်ဆံမှုမျိုးကို မြင်တွေ့ချင်နေကြတယ်လို့ ၀ါရှင်တန်မြို့တော်မှာလုပ်တဲ့ ကာကွယ် ရေးဆိုင်ရာ သတင်းဆောင်းပါးရေးသားသူတွေရဲ့ ဆွေးနွေးပွဲအတွင်း ဗိုလ်ချုပ်ကြီး Vincent Brooks ကပြောသွားတာပါ။
၂၀၁၄ ခုနှစ်ကလုပ်တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတခုအကြောင်းကို ဗိုလ်ချုပ်ကြီး Brooks က ပြန်ပြော ပြပါသေးတယ်။ အစည်းအဝေးမှာ တခြားစစ်ဘက်ခေါင်းဆောင်တွေက သူ့လက်ကိုဆွဲပြီး အဲဒီမှာရှိနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တဦးစီ ကို ခေါ်သွားခဲ့ကြတယ်လို့ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံပြီး ရှေ့ဆက်သွားနိုင်ရေး ကူညီ လုပ်ဆောင်ပေးဖို့ ဒေသတွင်းမှာ တကယ့်ကိုပဲ လိုလားနေကြတယ်လို့ ဗိုလ်ချုပ်ကြီး Brooks ကပြောပါတယ်။ အခုဆိုရင် ခွင့်ပြု ထားသလောက်အဆင့်နဲ့ ဆက်လုပ်ရတော့မယ်လို့လည်း သူကဆိုပါတယ်။
ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရသွား တာကြောင့် ရှေ့ဆက်လုပ်ဆောင်ဖို့ရာ အသင့်ရှိနေဖို့ ဖြစ်သွားစေတယ်လို့ ဗိုလ်ချုပ်ကြီး Brooks ကပြောပါတယ်။
အခုချိန်ထိက တော့ သိပ်မြန်မြန်ကြီး ရှေ့မရောက်သေးကြောင်း၊ အလားအလာကောင်းရှိနေတယ်လို့ သူ့အနေနဲ့ယူဆပြီး မူဝါဒပိုင်း လမ်းညွှန် ချက်တွေကို စောင့်ရမယ်လို့ပြောပါတယ်။ အုပ်ချုပ်ရေးပိုင်း၊ သတင်းမီဒီယာ၊ ပြည်သူလူထု၊ အရပ်သားအစိုးရနဲ့ ဆက်ဆံမှုပိုင်းတွေ မှာ အမေရိကန်စစ်ဘက်ရဲ့ ကျွမ်းကျင်မှုကို မျှဝေဖို့ရာ အခွင့်အလန်းတခုအဖြစ် အမေရိကန်ပြည်ထောင်စုက မြင်ထားတယ်လို့ ဗိုလ်ချုပ်ကြီး Vincent Broooks ကပြောသွားပါတယ်။