သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-အာဆီယံ စီးပွားရေး ဆက်ဆံမှုတွေကြားက မြန်မာပြည်


အာဆီယံအသင်းကြီးနဲ့ ကုန်သွယ်မှုတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်ပြီး အမေရိကန် ပြည်ထောင်စုက ၀ါရှင်တန်မြို့တော်မှာ ထိပ်သီးအစည်းအဝေးပွဲတခု ကျင်းပခဲ့ပါတယ်။

စက်တင်ဘာ ၂၇၊ ၂၀၁၀-အမေရိကန်နဲ့ အာဆီယံတို့ကြား စီးပွားရေး ဆက်ဆံမှုတွေမှာ မြန်မာနိုင်ငံက အဟန့်အတားတွေ ဖြစ်နေဆဲပါ။

စီးပွားရေးဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) တို့ စက်တင်ဘာလထဲ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အာဆီယံ အသင်းဝင် နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေကလည်း ရှိနေဆဲ ဖြစ်တာမို့ စီးပွားကူးသန်းမှုတွေ တိုးလာပေမဲ့ အကျိုးရှိနိုင်ပါ့မလား ဆိုတာကို သံသယတွေလည်းရှိနေကြပါတယ်။ အမေရိကန်-အာဆီယံ စီးပွားရေး ဆက်ဆံမှုတွေကြားက မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

ရေရှည်ခံမယ့် စီးပွားရေးဖွံ့ဖြိုးမှုတွေ အတွက် အမေရိကန် ပြည်ထောင်စုက အာဆီယံအသင်းကြီးနဲ့ ကုန်သွယ်မှုတွေ တိုးမြှင့် လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားပေမဲ့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့ကတော့ ဒီအထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ၀င်ဆန့်နိုင်မယ့် အခြေအနေတွေ မရှိပဲ ဖြစ်နေဆဲပါ။ စီးပွားရေး ဆက်ဆံမှုတွေ တိုးချဲ့သွားနိုင်ရေး ရည်ရွယ်ပြီး အာဆီယံ ခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားသာမက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ အတွက် အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာလည်း သမ္မတ အိုဘားမား က စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့်မယ့် ရည်မှန်းချက်တွေကို အလေးထား ပြောဆိုသွားတာပါ။
“အာဆီယံနဲ့ ကျနော်တို့ရဲ့ ကုန်သွယ်မှုတွေဟာ ကြီးထွားလာနေပါတယ်။ တကယ်တော့ အမေရိကန်ကနေ အာဆီယံနိုင်ငံတွေကို တင်ပို့မှုတွေဟာ ဆိုရင်လည်း တခြားဒေသတွေလိုပဲ (၂) ဆလောက်အထိ အလျှင်အမြန် တိုးလာနေတာပါ။ ဒီအတွက် အရှေ့တောင် အာရှဟာ အမေရိကန် ပြည်ပပို့ကုန်တွေ (၂) ဆ တင်ပို့ဖို့အတွက် ကျနော် ရည်မှန်းထားတာကို အကောင်အထည် ဖော်နိုင်ရေးမှာ အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။”

ထိပ်သီးအစည်းအဝေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်မှာတော့ အမေရိကန်နဲ့ အာဆီယံ တို့ရဲ့ အကျိုးစီးပွားတွေ အပြန်အလှန် ဆက်နွယ်မှုဟာ ပိုလို့သာ ကြီးထွားလာနေတယ်၊ အခုဆိုရင် အပြန်အလှန် ကုန်သွယ်မှု ပမာဏဟာ ဆိုရင်လည်း သန်းပေါင်း ၁၄၆,၀၀၀ အထိ ရှိနေပြီလို့ ဖော်ပြခဲ့တာပါ။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကတော့ နောက်နှစ်မှာ အမေရိကန်-အာဆီယံ ကုန်သွယ်မှုတွေဟာ ၆.၇ ရာခိုင်နှုန်း အထိ ကြီးထွားလာမယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။ အာဆီယံအသင်းဝင်နိုင်ငံတွေက အမေရိကန် ကုန်ပစ္စည်းတွေကို ၀ယ်ယူစားသုံးမှုနှုန်း ကြီးထွားလာနေတာဟာ ဆိုရင်လည်း တရုတ်နိုင်ငံက ၀ယ်ယူစားသုံးမှုနဲ့ နှိုင်းစာရင် ပျမ်းမျှတဦးချင်းဝယ်ယူမှုက (၂) ဆလောက် ရှိနေသလို၊ အိန္ဒိယနိုင်ငံနဲ့ စာရင်တော့ (၉) ဆနီးပါးအထိ ရှိနေတာပါ။

ဒါပေမဲ့လည်း ဒီလို ကုန်သွယ်မှုတွေ ကြီးထွားလာနေတာတွေ မြန်မာနိုင်ငံက ခံစားရမယ့် အလားအလာတွေကတော့ နည်းပါးနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး အခြေအနေ တိုးတက်မှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရှိနေတာတွေကြောင့် ဖြစ်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ က အကြီးတန်း ပြန်ကြားရေးတာဝန်ခံ တဦးဖြစ်တဲ့ Anthony Nelson က ပြောပါတယ်။
“သိသာတာကတော့ မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတာပါပဲ။ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့ဖို့ ဆိုတာကလည်း သိသိသာသာ အဟန့်အတားတွေ ရှိနေဆဲဖြစ်ပါတယ်။”

အမေရိကန်-အာဆီယံတို့ရဲ့ ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်မှာဆိုရင်လည်းပဲ မြန်မာစစ်အစိုးရက နိုဝင်ဘာလ (၇) ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာက လက်ခံနိုင်မယ့် ပွင့်လင်း မြင်သာမှုတွေနဲ့ အားလုံးပါဝင်ပြီး လွတ်လပ်၊ တရားမျှတမှု ရှိဖို့လိုတဲ့အကြောင်း တောင်းဆိုခဲ့တာပါ။ ကြေညာချက်မှာ ထည့်သွင်းခဲ့တာမျိုး မရှိပေမဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အမေရိကန် သမ္မတက တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စရာတွေ ရှိနေဆဲ ဖြစ်ပေမဲ့လို့ အမေရိကန်သာမက အာဆီယံအသင်း အနေနဲ့ကတော့ အပြန်အလှန် ဆက်ဆံမှုတွေ တိုးမြှင့်သွားဖို့ သန္နိဋ္ဌာန်ချထားကြတာပါ။ ဒါကိုလည်း အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ သမ္မတ ငုယင် မင်းထရက် (Nguyen Minh Triet) က အစည်းအဝေးပွဲအတွင်း စကားပြန်ကတဆင့် ပြောခဲ့ပါတယ်။
“ဗီယက်နမ်နဲ့ အာဆီယံတို့ဟာ အမေရိကန်နဲ့ ၂ နိုင်ငံဆက်ဆံရေးပဲဖြစ်ဖြစ် နိုင်ငံစုံ ဆက်ဆံရေးအရပဲဖြစ်ဖြစ် ပိုမိုတိုးတက် ကောင်းမွန်အောင် အားပေးပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေးကို နောက်ထပ်တဆင့်မြှင့်ပြီး၊ ဘက်ပေါင်းစုံက ပါဝင်နိုင်အောင် ငြိမ်းချမ်းရေး တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ကြိုးစားချင်ပါတယ်။”

သမ္မတ အိုဘားမားကလည်း အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အမေရိကန် အနေနဲ့ အာရှတိုက်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ခိုင်ခိုင်မာမာ ပါဝင်ဆောင်ရွက်သွားမယ့် အကြောင်းနဲ့ သူ့ရဲ့ သမ္မတတာဝန် ထမ်းဆောင်စဉ် ကာလတလျှောက် အမေရိကန်က အာရှမှာ ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်သွားမယ့်အကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုခဲ့တာပါ။ တကယ်တော့ မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အိုဘားမား အစိုးရ တက်လာစဉ်ကစလို့တော့ စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့ ကမ်းလှမ်းခဲ့သလို အပြန်အလှန်အနေနဲ့ စီးပွားရေး ဆက်ဆံမှုတွေတောင် လုပ်ဖို့ မက်လုံးပေး ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ ဒီလို ထိတွေ့ ဆက်ဆံမှုတွေကို လုပ်သွားနိုင်မယ်ဆိုရင်တော့ လတ်တလော အဆက်အဆံမရှိသေးတဲ့ စီးပွားကုန်သွယ်မှုတွေလည်း ဖြစ်လာနိုင်စရာ ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ တာဝန်ရှိသူတဦးဖြစ်တဲ့ Anthony Nelson က ပြောဆိုခဲ့တာပါ။
“အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးပြောဆိုမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်၊ လက်ရှိကျနော်တို့ မြန်မာလူထုအတွက် ဆောင်ရွက်ပေးနေတာတွေကိုလည်း ဆက်လက်လုပ်ကိုင်ပေးသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တံခါးတွေကို ပိတ်မပစ်ပဲ ဆက်လက်ထိတွေ့ ဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာထောက်ထားမှုတွေ စီးပွားရေး အခြေအနေတွေ တိုးတက်အောင် ဆက်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားရမှာပါ။”

၂၅ နှစ်ကြာ အပြန်အလှန် ဆက်ဆံမှုတွေမှာ ကုန်သွယ်မှုပမာဏ အနေနဲ့ အခုအခါ (၂) ဘက်အကြား (၇) ဆအထိ တိုးလာပြီး၊ နှစ်စဉ် ဒေါ်လာသန်းပေါင်း (၂) သိန်းအထိ ရှိနေပြီလို့လည်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ပြောပါတယ်။ အာဆီယံ အသင်းဝင် အရေအတွက်ဟာ ဆိုရင်လည်း (၂) ဆ တိုးလာပြီး၊ အခုအခါ လူဦးရေအနေနဲ့ သန်း ၆၀၀ နီးပါးရှိနေတာမို့၊ အမေရိကန် ပြည်ထောင်စု အတွက် ကမ္ဘာပေါ်က ဈေးကွက်တွေအနက် စတုတ္ထအကြီးဆုံးပါ။ အာဆီယံ အသင်းဝင်နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ပမာဏဟာ ဆိုရင်လည်း ဒေါ်လာ ၂.၂ ဘီလီယံ ကနေ ၁.၅ ထီလီယံ နီးပါးအထိ ရှိနေပါပြီ။ ဒါ့အပြင်၊ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်တွေနဲ့အတူ ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး အာဆီယံထဲမှာ ကုန်သွယ်မှုဇုန်အဖြစ် ထူထောင်သွားဖို့ ရှိနေတာမို့ စီးပွားရေး အခွင့်အလန်းတွေဟာလည်း ရှေ့လျှောက် ဒီထက်ပိုလာလိမ့်မယ်လို့ အမေရိကန်စီးပွားရေး အသိုင်းအ၀န်းက မျှော်လင့်နေကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG