သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ၊ အမေရိကန် မြန်မာ့အရေး ဆွေးနွေးဖွယ်ရှိ


နှစ်စဉ် ကျင်းပနေကြ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အခုသီတင်းပတ်အတွင်း နယူးယောက်ခ်မြို့မှာ ကျင်းပကြမယ့် ပြင်ပမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အရှေ့တောင်အာရှ နိုင်ငံတွေက ခေါင်းဆောင်တွေကို လာမယ့် သောကြာနေ့မှာ ဒုတိယအကြိမ်အဖြစ် သီးသန့် တွေ့ဆုံဖို့ ရှိပါတယ်။ ပထမတကြိမ်ကို အရင်နှစ် နိုဝင်ဘာလအတွင်း စင်ကာပူမှာ ကျင်းပခဲ့တဲ့ နေရာမှာတော့ သမ္မတ အိုဘားမားနဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်တို့ ပထမဆုံးအကြိမ် အစည်းအဝေးခန်းမ တခုတည်းမှာ တချိန်တည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

အခု ဒီနှစ်မှာလည်း ဒုတိယအကြိမ်မြောက် တွေ့ဆုံတဲ့အခါ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီအစည်းအဝေးဟာ အမေရိကန်နဲ့ အာဆီယံ နိုင်ငံတွေအတွက် ဘယ်လောက်များ အရေးပါပါသလဲ၊ မြန်မာ့အရေးအတွက်ရော ဘာများ ထူးခြားမှုတွေ ရှိနိုင်ပါသလဲ၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝါရှင်တန်က အရှေ့အာရှအရေး ကျွမ်းကျင်သူတဦးရဲ့ သုံးသပ်ချက်ကို ဆက်သွယ် မေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

အရင်သမ္မတဟောင်း ဘုရှ် လက်ထက်က အရှေ့တောင်အာရှ ဒေသကို လျစ်လျူရှုခဲ့တယ်ဆိုပြီး ဝေဖန်ခံခဲ့ရာက သမ္မတ ဘရက်ခ် အိုဘားမား လက်ထက် ရောက်တဲ့အခါ ဒီဒေသကို သိသိသာသာ အာရုံစိုက်လာတာ တွေ့ရပါတယ်။ သမ္မတ ဖြစ်လာပြီး ၉ လကျော်ကျော် အရင်နှစ် နိုဝင်ဘာလ အတွင်းမှာပဲ သမ္မတ အိုဘားမားဟာ အရင်က တခါမှ မလုပ်ခဲ့ဘူးတဲ့ US, ASEAN Summit ခေါ် အမေရိကန်နဲ့ အာဆီယံ ခေါင်းဆောင်တွေ သီးသန့် တွေ့ဆုံတဲ့ ထိပ်သီးအစည်းအဝေးပွဲ စင်ကာပူမှာ ကျင်းပခဲ့တာကို တက်ရောက်ခဲ့ပါတယ်။

အခု ဒီနှစ်မှာလည်း ဒုတိယအကြိမ် အမေရိကန်၊ အာဆီယံ ထိပ်သီး အစည်းအဝေးကို သမ္မတ အိုဘားမားက လာမယ့် သောကြာနေ့ နယူးယောက်ခ်မြို့မှာ ၂ နာရီကြာ လက်ခံ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြန်အလှန် စီးပွားရေး၊ လုံခြုံရေး၊ သံတမန်ရေး တိုးမြှင့်ဖို့နဲ့အတူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ရာသီဥတု ပြောင်းလဲမှု ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သမ္မတ အိမ်ဖြူတော်က ဆိုပါတယ်။

အမေရိကန်က အခုမှ အရှေ့တောင်အာရှကို တလှည့်ပြန် အာရုံစိုက်လာပေမဲ့ တရုတ်ကတော့ ဒီဒေသရဲ့ ကဏ္ဍ တော်တော်များများမှာ လက်ဦးမှု ရထားပြီး ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ အာဆီယံ ခေါင်းဆောင်တွေအတွက် တရုတ်နဲ့မတူတဲ့ ဘယ်လို ကမ်းလှမ်းမှုမျိုးကို ပေးနိုင်မှာပါလဲ၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီမြို့က အဓိက မူဝါဒရေးရာ သုတေသန အဖွဲ့အစည်း Think Tank တွေထဲက တခုဖြစ်တဲ့ Center for Strategic and International Studies (CSIS) မှာ အရှေ့တောင်အာရှရေးရာ ကိစ္စတွေကို ဦးဆောင်နေတဲ့ မစ္စတာ အားနက်စ် ဘာဝါရဲ့ သဘောထားကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

“စီးပွားရေးအရ ကြည့်ရင် အမေရိကန်ဟာ အာဆီယံအတွက် အင်မတန်ကြီးတဲ့ ဈေးကွက်တခု ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တခြားနိုင်ငံတွေနဲ့ အရေအတွက်ရော အရည်အသွေးပါ မတူပါဘူး။ ဆိုလိုတာက အမေရိကန် ကုမ္ပဏီတွေဟာ ဒေသခံ လူမှု အဖွဲ့အစည်းအတွက် ပညာရေးနဲ့ သင်တန်းတွေ အတွက်ပါ ပူးတွဲပြီး ရင်းနှီးမြှုပ်နံှလေ့ ရှိပါတယ်။ တခြားတိုင်းပြည်တွေက ဒီလို သိပ်မလုပ်ပါဘူး။

“ဥပမာ တရုတ်ရဲ့ အရှေ့တောင်အာရှက ရင်းနှီးမြှုပ်နှံမှုတွေဟာ အခြေခံ အဆောက်အဦးတွေမှာပဲ များပါတယ်။ အတိုးနည်းနည်းနဲ့ ငွေချေးတယ်၊ သူတို့ အလုပ်သမားတွေကို ခေါ်လာတယ်၊ ဒါမျိုး မြန်မာပြည်မှာလည်း တွေ့နိုင်ပါတယ်။”

ဒီလို စီးပွားရေးကိစ္စတွေအပြင် နယ်နိမိတ် အငြင်းပွားစရာ ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ် ကိစ္စကို ဆွေးနွေးကြမှာ ဖြစ်တဲ့အပြင် သမ္မတ အိုဘားမား အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးသွားမှာ သေချာတယ်လို့ မစ္စတာ ဘာဝါက ပြောပါတယ်။

“နိုင်ငံရေးအရ ဆိုရင်လည်း အမေရိကန် အစိုးရ အနေနဲ့ သူတို့ရဲ့ ပြတ်သားတဲ့ သဘောထားတွေကိုလည်း အသိပေးပါလိမ့်မယ်။ အရှေ့တောင်အာရှဟာ အမေရိကန်အတွက် စီးပွားရေး မဟာဗျူဟာအရရော၊ ပြည်သူချင်း ဆက်ဆံရေး စတာတွေမှာ ဘယ်လောက် အရေးကြီးတဲ့ အကြောင်းနဲ့ လူ့အခွင့်အရေးဟာ အမေရိကန် နိုင်ငံခြားရေးမူရဲ့ မဏ္ဍိုင်ကြီးတခု ဖြစ်တဲ့အကြောင်း အသိပေးရမှာပါ။ အဲဒီမှာ သမ္မတ အိုဘားမား အနေနဲ့ မြန်မာ့အရေးကို တင်ပြ ဆွေးနွေးမယ်လို့ ကျနော် ထင်ပါတယ်။”

အရင် သမ္မတဟောင်း ဘုရှ် လက်ထက်ကတည်းက မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မူကိုပဲ ကျင့်သုံးထားရာက သမ္မတ အိုဘားမား လက်ထက်ကနေ စပြီးတော့ ထိတွေ့ ဆက်ဆံလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိ ဘာအကျိုးရလဒ်မှ မတွေ့ရသေးပါဘူး။ ဒီကြားထဲ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတမယ်ဆိုတဲ့ အရိပ်အယောင်တွေ မတွေ့ရတာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက ဘာတွေများ ဆက်လုပ်လာနိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ မစ္စတာ ဘာဝါက အခုလို သုံးသပ်ပါတယ်။

“ကျနော်ထင်တယ်၊ လက်ရှိ အမေရိကန် အစိုးရ အနေနဲ့ မြန်မာစစ်ခေါင်းဆောင် တဦးချင်းနဲ့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးကပ်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ပိုမိုတင်းကျပ်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ဖို့ အသင့်ပါပဲ။ ဒါကိုလုပ်နိုင်ဖို့ တခြားနိုင်ငံတွေနဲ့၊ အထူးသဖြင့် စင်ကာပူနဲ့ ညှိနှိုင်းမှုတွေ အများကြီးလုပ်ဖို့ လိုပါလိမ့်မယ်။ ဒီအတွက်လည်း ဆွေးနွေးနေကြပြီလို့ ထင်ပါတယ်။ စစ်အစိုးရဘက်ကလည်း ရွေးကောက်ပွဲအတွက် နိုင်ငံရေး လှုပ်ရှားခွင့်တွေ ဘာမှ ဖွင့်မပေးဘူးဆိုတော့ အမေရိကန်က ထပ်မံ ပိတ်ဆို့မှုတွေ လုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ ထိတွေ့ဆက်ဆံရေး မူကိုတော့ ဆက်ပြီးတော့ တံခါးဖွင့်ထားမှာပါ။”

လာမယ့် သောကြာနေ့ အမေရိကန်၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အင်ဒိုနီးရှား သမ္မတကလွဲရင် တခြား အာဆီယံ ခေါင်းဆောင်တွေ အားလုံး မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းပါ တက်ရောက်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီထိပ်သီး စည်းဝေးပွဲဟာ အမေရိကန်နဲ့ အာဆီယံ ဘက်ပေါင်းစုံ ဆက်ဆံရေးအတွက် ဟန်ပြသက်သက် မဟုတ်ဘဲ ရှေ့ဆက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေအတွက် စနစ်တကျ အုတ်မြစ်ချ လုပ်ဆောင်တဲ့ ပထမခြေလှမ်းအဖြစ် အင်မတန် အရေးကြီးတယ်လို့ CSIS အဖွဲ့က အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ မစ္စတာ အားနက်စ် ဘာဝါက ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG