သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အာဆီယံ ထိပ်သီး ညီလာခံ Sunnylands ကြေညာချက် ထုတ်ပြန်


ဖေဖော်ဝါရီလ ၁၆ရက်နေ့က အာဆီယံ ထိပ်သီးညီလာခံတွင် သမ္မတ ဘားရက်ခ် အိုဘားမားကို အာဆီယံခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်။ (AP Photo/Pablo Martinez Monsivais)
ဖေဖော်ဝါရီလ ၁၆ရက်နေ့က အာဆီယံ ထိပ်သီးညီလာခံတွင် သမ္မတ ဘားရက်ခ် အိုဘားမားကို အာဆီယံခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်။ (AP Photo/Pablo Martinez Monsivais)

ကယ်လီဖိုးနီယားပြည်နယ် မှာ ဖေဖော်ဝါရီလ ၁၅ရက်နဲ့ ၁၆ရက် နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အမေရိကန်၊ အာဆီယံ ထိပ်သီး အစည်းအဝေးအပြီးမှာ အမေရိကန်နဲ့ အာဆီယံ နိုင်ငံခေါင်းဆောင်တွေက အချက် ၁၇ ချက် ပါဝင်တဲ့ Sunnylands ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂ ပဋိညဉ် စာတမ်း၊ ၊ အာဆီယံ ပဋိညဉ် စာတမ်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို ခိုင်မာစွာ လိုက်နာပြီး နိုင်ငံအားလုံးရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်မှု၊ နယ်နမိတ်ပိုင်ဆိုင်မှု၊ တန်းတူအခွင့်အရေး ခံစားမှုနဲ့ နိုင်ငံရေးအရ လွပ်လပ်မှုတွေကို အပြန်အလှန် လေးစားမှုရှိဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရေရှည်ခံပြီး၊ တပြေးညီခံစားခွင့်ရှိတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ အရေးကြီးတဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အပြန်အလှန် အကျိုးပြုနိုင်ရေး တို့ကို ရေရှည် ဆက်ထိမ်းထားနိုင်ဖို့ လူငယ်တွေကို ပြုစုပျိုးထောင်နိုင်ဖို့လည်း အရေးကြီးတဲ့အတိုင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင် ဖန်တီးမှု၊ တီထွင်ကြံဆမှု၊ ဆက်သွယ်ရေး ကောင်းမွန်မှုနဲ့ အသေးစား လုပ်ငန်းတွေကို ထောက်ခံအားပေးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေမယ့် ပေါ်လစီများကို ကျင့်သုံးရာမှာလည်း အပြန်အလှန်လေးစားလိုက်နာဖို့ အရေးကြီးတဲ့အကြောင်း ဖော်ပြထားပါတယ်။

အထူးသဖြင့် လူငယ်တွေ ပါဝင်တဲ့ အာဆီယံနဲ့ အမေရိကန် နိုင်ငံသားတွေကြား ဆက်ဆံရေး အားပေးမယ့် အစီအစဉ်တွေကိုလည်း ဖော်ဆောင်ဖို့ ကြေငြာချက်မှာ ကတိပေးထားပါတယ်။

အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒ၊ လူကုန်ကူူးမှု တိုက်ဖျက်ရေး၊ ရာသီဥတု ပြောင်းလဲမှု၊ ဆိုင်ဘာ လုံခြုံရေး၊ စတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေ အပါအဝင် တရားမဝင် ငါးဖမ်းမှု၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု၊ သစ်နဲ့ တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်တာကို ဦးဆောင်တိုက်ဖျက်သွားဖို့ လည်း အမေရိကန်- အာဆီယံ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မကြာမီက ပြီးဆုံးခဲ့တဲ့ အမေရိကန်-အာဆီယံ ထပ်သီး ညီလာခံကို ပထမဆုံး အကြိမ်အဖြစ် သမ္မတ အိုဘားမားက အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံက ဒုတိယ သမ္မတ ဦးညဏ်ထွန်းအပါအဝင် အခြား အာဆီယံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်- အာဆီယံ Sunnylands ထိပ်သီးညီလာခံ ကြေငြာချက်ကို အာဆီယံ နိုင်ငံတွင်းရှိ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ APHR လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန်များအဖွဲ့က ကနေ့ တုန့်ပြန်ရာမှာတော့ ကြေငြာချက်မှာ ဖော်ပြထားတဲ့ အတိုင်း ဒီမိုကရေစီကို အားဖြည့်ပေးဖို့နဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အားလုံး ပါဝင်ခွင့် ရရှိရေး ကတိပေးချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG