သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN လူ့အခွင့်အရေးတိုးမြှင့်ဖို့ သမ္မတ အိုဘားမား တောင်းဆိုသင့်


အမေရိကန်သမ္မတ Barack Obama အနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက ခေါင်းဆောင်တွေနဲ့ ထိပ်သီးညီလာခံ ကျင်းပတဲ့အခါ ဒေသတွင်း လူ့အခွင့်အရေး တိုးတက်မှု အခြေအနေတွေကို ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရေး တိုက်တွန်း ပြောဆိုသင့်တယ်လို့ မြန်မာ အပါအဝင် အရှေ့တောင်အာရှက နိုင်ငံပေါင်း ၉ ခုနဲ့ စုဖွဲ့ထားတဲ့ FIDH လူ့အခွင့်အရေးအဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားဟာ အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ Rancho Mirage မှာရှိတဲ့ Sunnylands မှာ ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၁၆ ရက်နေ့အထိ ၂ ရက်ကြာ ထိပ်သီးညီလာခံ ကျင်းပမှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုတွေကို အဓိကထား လုပ်ဆောင်ခြင်းမရှိရင် အာရှ-ပစိဖိတ်ဒေသအပေါ် အဓိက အာရုံပြောင်း လုပ်ဆောင်လာနေတဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှု ရနိုင်မှာ မဟုတ်တဲ့အကြောင်း၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးကိစ္စရပ်တွေ တိုးမြှင့် ဆောင်ရွက်ဖို့ ပြောဆို ဆွေးနွေးတဲ့နေရာမှာ လူ့အခွင့်အရေး တိုးတက်မှုကို အဓိက အခြေခံအကြောင်းတရပ်အဖြစ် သမ္မတ အိုဘားမားအနေနဲ့ မဖြစ်မနေ ထည့်သွင်း ဆွေးနွေးသင့်တယ်လို့ FIDH ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ခုခံကာကွယ်တာ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရပ်တည် ပြောဆိုတာ၊ အမျိုးသမီးတွေ၊ လူနဲစုတွေနဲ့ လိင်တူချင်း ဆက်ဆံသူတွေအပေါ် ဖိနှိပ်ညှဉ်းပမ်းမှုတွေကို ပြစ်တင်ရှုတ်ချတာတွေ ပြုလုပ်သွားမယ့်အကြောင်း သမ္မတ အိုဘားမားက ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြောကြားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသွားခဲ့တာနဲ့အညီ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း အဲဒီ ပြောဆိုမှုတွေအတိုင်း ပြန်လည်ပြောကြားပြီး အာဆီယံခေါင်းဆောင်တွေ အနေနဲ့ သူတို့ တိုင်းပြည်အသီးသီးမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လူသိရှင်ကြား ပြောဆိုသင့်တယ်လို့ ဆိုပါတယ်။

အဲဒီ အမေရိကန် - အာဆီယံ ထိပ်သီးစည်းဝေးပွဲကို မူလက မြန်မာသမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ဖို့ ရှိပေမဲ့လည်း ဒုသမ္မတ ဦးဉာဏ်ထွန်းပဲ တက်ရောက်မယ့်အကြောင်း မြန်မာအစိုးရက မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီထိပ်သီး ညီလာခံအတွင်း စီးပွားရေး၊ လုပ်ငန်းသစ်များ စတင်ထူထောင်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး၊ တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စအပါအဝင် ဒေသန္တရလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော် အရာရှိတွေက ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG