သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အာရှမူဝါဒ မြန်မာ့အခန်းကဏ္ဍ


အမေရိကန် ပြည်ထောင်စုက အာရှ-ပစိဖိတ်ဒေသကို အာရုံစိုက်လာနေတဲ့ မူဝါဒတွေမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုအပ်တဲ့အကြောင်း ကျွမ်းကျင်သူတွေက တိုက်တွန်းလိုက်ကြပါတယ်။ အာရှဒေသက စီးပွားရေးဖွံ့ဖြိုးမှု အလားအလာတွေနဲ့အတူ မကြာသေးခင် နှစ်တွေကစလို့ အပြောင်းအလဲတွေ တွေ့မြင်လာနေရတဲ့ မြန်မာနိုင်ငံကို အမေရိကန် အစိုးရအနေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ လိုအပ်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ လုံခြုံရေးနဲ့ အာရှရေးရာ ပညာရှင်တွေက အကြံပေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ သြဇာအရှိန်အဝါ တိုးချဲ့ရာမှာ အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံရေးအပေါ် ရိုက်ခတ်လာနိုင်တဲ့ အဆိုးအကောင်း ပြဿနာတွေကို အောက်လွှတ်တော်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီရှေ့မှောက် ကြားနာရာမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း မျက်ခြေမပြတ်ဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အခုအခါ ဖွံ့ဖြိုးတိုးတက်မှုတွေ အားကောင်းလာနေတဲ့ အာရှ-ပစိဖိတ် ဒေသဟာ အမေရိကန် ပြည်ထောင်စုအတွက် အရေးပါတဲ့ နေရာဖြစ်လာနေသလို နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တနေ့တခြား မဆက်ဆံလို့ မဖြစ်တဲ့ ဒေသတခု ဖြစ်လာနေတာကိုတော့ ကြားနာပွဲရဲ့ သဘာပတိဖြစ်သူ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Howard McKeon အပါအဝင် ဆွေးနွေးသူတွေ တသဘောတည်း ရှိခဲ့ကြတာပါ။ ဒီအတွက်လည်း မှန်မှန်ကန်ကန် ချဉ်းကပ်နိုင်မယ့် မူဝါဒမျိုး ချမှတ်ဖို့ လိုအပ်နေပြီလို့ ဒီမိုကရက် အောက်လွှတ်တော်အမတ် Adam Smith ကပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်အတွက် သြဇာချိန်ခွင်လျှာညှိဖို့နဲ့ ဒီလိုအပြောင်းအလဲတွေမှာလည်း အာရှဒေသကို အာရုံစိုက်သွားဖို့ အကောင်းဆုံး အခွင့်အလန်းလည်း ဖြစ်တယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ဘယ်လိုလုပ်ကြ ကိုင်ကြမလဲ၊ မူဝါဒရေးရာတွေမှာ အထိရောက်ဆုံး ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေကို တိတိကျကျ သိနိုင်အောင် လုပ်ဖို့ကတော့ ဒီကော်မတီနဲ့ ကွန်ဂရက် လွှတ်တော်အတွက် အင်မတန်မှ အရေးကြီးပါတယ်။”

အမေရိကန်က အာရှဒေသကို အာရုံစိုက်လာတဲ့ မူဝါဒကြောင့် ဒေသတွင်းမှာ သြဇာအရှိန်အဝါ ကြီးမားလာနေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ သတိထားဖို့ လိုအပ်တာကိုလည်း အာရုံစိုက် ဆွေးနွေးခဲ့ကြတာပါ။ ကြားနာပွဲမှာ ထွက်ဆိုခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ Center for a New American Security ဌာနရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ပါမောက္ခ Patrick Cronin ကတော့ အမေရိကန်ရဲ့ မူဝါဒသစ်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အဓိက စိမ်ခေါ်မှုတခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုတွေကို ထိန်းချုပ်တာမျိုး မဟုတ်ပဲ ရေရှည်ကို မျှော်ကြည့်ပြီး သဟဇာတဖြစ်အောင် လုပ်ဆောင်ဖို့ လိုမယ်လို့လည်း သတိပေးခဲ့တာပါ။

“ဘက်ညီမျှအောင် ပြန်လုပ်တယ်ဆိုတဲ့ သဘောက အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာ ဟိုဖက်ခြမ်းနဲ့ ဒီဖက်ခြမ်းကို ပေါင်းကူးပေးဖို့ ဖြစ်ပါတယ်။ အိန္ဒိယ၊ အရှေ့အာရှဒေသတွေနဲ့ ဆက်ဆံရေးတွေ ခိုင်မာအောင်လုပ်ဖို့၊ မြန်မာနိုင်ငံလို ပြုပြင်ပြောင်းလဲချင်တဲ့ အစိုးရမျိုးကို အားပေးဖို့ပါ။ နောက်ဆုံးအနေနဲ့ကတော့ ဘက်ညီမျှအောင် ထိန်းတဲ့နေရာမှာ စစ်အင်အား သက်သက် မဟုတ်ပဲ စီးပွားရေး၊ သံတမန်ရေး အားကောင်းအောင် လုပ်ဖို့ဖြစ်ပါတယ်။”

အမေရိကန် ပြည်ထောင်စုအနေနဲ့ လက်တလော အခြေအနေမှာ အာရှဒေသက ဂျပန်၊ တောင်ကိုရီးယား စတဲ့ မဟာမိတ် နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေမှာ အားနည်းနေတယ်လို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြနေကြတာပါ။ ဒီအတွက်လည်း ဂျပန်နိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည် သုံးသပ်ဖို့ ဒေသတွင်းမှာ ပြဿနာတခု ဖြစ်နေရတဲ့ မြောက်ကိုရီးယားအရေးမှာ မဟာမိတ် တောင်ကိုရီးယားနဲ့ အတူလက်တွဲပြီး ပြန်လည်ဆန်းစစ်မှုတွေ လိုအပ်မယ်လို့ ကြားနာပွဲအတွင်း အကြံပြုခဲ့ကြပါတယ်။ ဒီလိုပဲ အမေရိကန် ပြည်ထောင်စုက ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ချန်ထားလို့ မဖြစ်တဲ့အကြောင်း လုံခြုံရေးနဲ့ အာရှရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Cronin က သတိပေးခဲ့တာပါ။

“မြန်မာနိုင်ငံက ရာဇဝင်တွင်လောက်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်နေတာကို အားပေးရမှာ ဖြစ်သလို၊ တချိန်တည်းမှာပဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနား နီးလာတဲ့အချိန်မှာ အထူးသဖြင့် စစ်တပ်က အနာဂတ်မှာ ဝင်မစွက်ဖက်အောင် အကာအကွယ် ပေးသွားဖို့လည်း လိုအပ်ပါတယ်။”

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုကတော့ ဒီသီတင်းပတ်ထဲမှာပဲ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးသစ်အဖြစ် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေမှာ နီးနီးကပ်ကပ် ဆောင်ရွက်ဖူးတဲ့ ဝါရင့်သံတမန်တဦးကို ခန့်အပ်ခဲ့တာပါ။

အထူးသံတမန် Daniel Russel ကတော့ အာရှဒေသမှာ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် တွေ့မြင်လာနေရတဲ့ မြန်မာနိုင်ငံကို သူ့အနေနဲ့ အထူးစိတ်ဝင်စားတဲ့အကြောင်း တာဝန်ခန့်အပ်ခံရအပြီး မှတ်ချက်ပေး ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG