အာရှတိုက်မှာ အမေရိကန် ပြည်ထောင်စုအတွက် အရေးအကြီးဆုံး မိတ်ဖက်တိုင်းပြည်ဟာ တရုတ်နိုင်ငံ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံသားတွေကို မေးမြန်းထားတဲ့ ဆန်းစစ်လေ့လာချက် တရပ်က ဖော်ပြလိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၅ နှစ်ကျော်မှာ ဂျပန်နိုင်ငံထက် ကျော်လွန်သွားခဲ့တာပါ။
ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ တာဝန်ပေးချက်နဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းထဲမှာ အမေရိကန် လူထု ၃၉% က တရုတ်နိုင်ငံဟာ အမေရိကန်အတွက် အရေးကြီးတဲ့ မိတ်ဆွေနိုင်ငံတခု အဖြစ် ဖော်ပြခဲ့သလို ၃၁% ကတော့ ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေး၊ ပညာရေး၊ ဘာသာရေးနဲ့ အလုပ်သမား ရေးရာတွေမှာ ဦးစီးဦးဆောင် လုပ်ဆောင်နေသူတွေရဲ့ အမြင်ကို မေးမြန်းရာမှာလည်း ပိုပြီး အရေးကြီးတဲ့ တိုင်းပြည်အဖြစ်နဲ့ တရုတ်နိုင်ငံက ၄၆%၊ ဂျပန်နိုင်ငံကိုတော့ ၂၈% သဘောထား ပေးခဲ့ကြတဲ့အကြောင်း the Gallup လူထုစစ်တမ်းက ဖော်ပြခဲ့တာပါ။
သာမန် အမေရိကန် နိုင်ငံသား ၁,၂၀၀ နဲ့ ဦးဆောင်မှု အခန်းကဏ္ဍက ဆောင်ရွက်နေသူတွေကို မေးမြန်းထားတဲ့ စစ်တမ်း ရလဒ်တွေဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေအပေါ် အဓိက အခြေခံနေတယ်လို့လည်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဒီဆန်းစစ်ချက်မှာပဲ ဂျပန်နိုင်ငံဟာ အားထားလောက်တဲ့ မဟာမိတ်၊ မိတ်ဆွေတိုင်းပြည် အဖြစ်နဲ့လည်း အမေရိကန် လူထု ၈၅% နဲ့ ဦးဆောင်မှုကဏ္ဍမှာ ပါဝင်ကြသူ ၉၀% က လက်ခံထားကြောင်း သဘောထား ပေးခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် စီးပွားရေးကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကိုင်တွယ်ဆောင်ရွက်ပုံတွေ အပေါ်ကို အမေရိကန် ၅၈% က သဘောမကျကြတဲ့အကြောင်း ကွင်နီပီယက် (Quinnipiac) တက္ကသိုလ် စစ်တမ်းက ဖော်ပြခဲ့တာပါ။
သမ္မတရဲ့ ဆောင်ရွက်ချက်အပေါ် လက်ခံတဲ့ နှုန်းဟာလည်း အရင်လထဲမှာ ၅၂% ရှိနေရာက ၄၇% ကို ကျဆင်းသွားကြောင်းလည်း စစ်တမ်းက ဖော်ပြပါတယ်။