သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားကို တိုက်ခိုက်မယ့်အစီအစဉ် အမေရိကန်လူထုသဘောမတူ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုပြီး ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) နဲ့ ထိပ်တန်းလွှတ်တော် အမတ်တချို့က အခိုင်အမာ ထောက်ခံနေကြပေမဲ့ အမေရိကန် လူထုက လက်ခံအောင် လုပ်ဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

Washington Post သတင်းစာနဲ့ ABC News ရုပ်သံဌာနတို့ရဲ့ လူထုစစ်တမ်း မှာတော့ ဆီးရီးယား အစိုးရကို မစ်ဇိုင်းဒုံးပျံတွေနဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို ဆန့်ကျင်သူ ၅၉ ရာခိုင်နှုန်းနဲ့ ထောက်ခံသူက ၃၆ ရာခိုင်နှုန်းသာ ရှိနေတာကို
တွေ့ခဲ့ရတာပါ။

ဗြိတိန်နဲ့ ပြင်သစ်တို့လို တခြားမဟာမိတ် နိုင်ငံတွေနဲ့အတူ လေကြောင်း ထိုးစစ်ဆင်မယ် ဆိုရင်တော့ ထောက်ခံသူက ၄၆ ရာခိုင်နှုန်း ရှိပါတယ်။ ထင်ရှားတဲ့ Pew သုတေသနဌာနရဲ့ စစ်တမ်းမှာတော့ လေကြောင်းက တိုက်ခိုက်မှုကို ကန့်ကွက်သူ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံသူ ၂၉ ရာခိုင်နှုန်းသာ ရှိနေတာပါ။

စစ်တမ်းကောက်ခံမှုရဲ့ ၇၄ ရာခိုင်နှုန်းကတော့ လေကြောင်း ထိုးစစ်တွေကြောင့် အမေရိကန် ဆန့်ကျင်တဲ့အမြင်တွေ ပေါ်ပေါက်နိုင်တယ်လို့ မြင်ကြသလို၊ ၆၁ ရာခိုင်နှုန်းကတော့ အမေရိကန်အနေနဲ့ စစ်ပွဲမှာ ရေရှည်ပါဝင်သွားရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆကြပါတယ်။

စစ်တမ်း ၂ ခုစလုံးကိုတော့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်တွေကို ထောက်ခံမှုရအောင် သမ္မတ အိုဘားမားနဲ့ ထိပ်တန်း အစိုးရအရာရှိတွေ နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့တဲ့ အချိန်မတိုင်မီ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အတွင်း လူပေါင်း ၁ ထောင်ကျော်ရဲ့ သဘောထားတွေကို အခြေခံစစ်တမ်း ကောက်ယူထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG