သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လုံခြုံရေးအတွက် အာရှအရေးပါမှု ဝန်ကြီး Austin ထောက်ပြ


အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားနေသော အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin
အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားနေသော အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin

အာရှပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို ပြန်လည်အာရုံစိုက်အောင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲကြီးမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အဓိကထားပြောကြားသွားပါတယ်။ ယူကရိန်းနဲ့ ဂါဇာအရေးကိစ္စတွေကြောင့် အာရှပစိဖိတ်ဒေသနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာ ကတိကဝတ်တွေ လျော့ကျသွားပြီဆိုတဲ့ စိုးရိမ်မှုတွေ သက်သာရာရစေဖို့လည်း ဝန်ကြီး Austin က အခုလို ပြောကြားသွားခဲ့ပါတယ်။

"အင်ဒိုပစိဖိတ်ဒေသဟာ အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ဦးစားပေးဒေသတခုအနေနဲ့ ဆက်လက်ရှိနေပါတယ်။ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပျက်နေတာတွေက ဒီဒေသအတွက် အရေးပါသလိုပဲ ဒီဒေသဟာလည်း ကျနော်တို့ အတွက် အရေးပါပါတယ်။ ဒီနေရာမှာ ကျနော်တို့အားလုံး အတူလက်တွဲ ဆောင်ရွက်မှုတွေက ၂၁ ရာစု ကမ္ဘာကြီးကို ဆက်လက်ပုံဖော်သွားမှာ ဖြစ်ပါတယ်။” လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin က စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La လုံခြုံရေးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။ အာရှလုံခြုံမှ အမေရိကန်ပြည်ထောင်စု လုံခြုံမယ်ဆိုတာ ရှင်းရှင်းပဲ ပြောချင်ပါတယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသွားပါတယ်။

နိုင်ငံစုံက ကာကွယ်ရေးဝန်ကြီးတွေနဲ့ လုံခြုံရေးဆိုင်ရာအရာရှိကြီးတွေ တက်ရောက်နေတဲ့ Shangri-La နှစ်ပတ်လည် လုံခြုံရေးညီလာခံမှာ ဒေသတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးကိစ္စတွေက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ အဓိက လွှမ်းမိုးတဲ့အကြောင်းအရာတခု ဖြစ်ပါတယ်။ ဝန်ကြီး Austin ဟာ မနေ့ သောကြာနေ့ကပဲ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun နဲ့ သီးခြား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး မကြာခင်လပိုင်းတွေအတွင်း ပြန်စနိုင်တော့မယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်အရေးကနေ တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ တင်းမာမှုတွေ ရှိနေတာကို လျှော့ချနိုင်ဖို့အတွက် အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG