သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တပ်ဖွဲ့ သြစတြေးလျမှာ ထားရှိခွင့် ၂ နိုင်ငံ အပြီးသတ်သဘောတူ


သြစတြေးလျမြောက်ပိုင်းမှာ အမေရိကန်လေတပ်နဲ့ ရေတပ်စခန်းတွေ တိုးမြှင့်ချထားဖို့ အမေရိကန်နဲ့ သြစတြေးလျ ထိပ်တန်းအရာရှိတွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့ သြစတြေးလျ ဆစ်ဒနီမြို့ကို ရောက်ရှိနေချိန်မှာ အခုလို သဘောတူညီမှု ရယူခဲ့ကြတာပါ။


လက်ရှိမှာ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်နေရတယ်လို့ ဝန်ကြီး Kerry က ပြောပါတယ်။ တောင်တရုတ်ပင်လယ် ပြဿနာ၊ ဂျပန်ပင်လယ်နဲ့ တခြားနေရာတွေမှာ ကြုံနေရတဲ့ မသေချာမရေရာမှုတွေ၊ မြောက်ကိုရီးယားအရေး၊ ကမ္ဘာ့နေရာအနှံ့က အစ္စလာမ်အစွန်းရောက်တွေနဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အကြမ်းဖက် တိုက်ခိုက်နေကြသူတွေ ကိစ္စလို ပြဿနာမျိုးစုံကို ရင်ဆိုင်နိုင်ဖို့ အတူတကွ လက်တွဲ ဆောင်ရွက်ဖို့ အများကြီး လိုအပ်နေတယ်လို့လည်း ပြောပါတယ်။


သြစတြေးလျဟာ အမေရိကန်ရဲ့ အရေးကြီးတဲ့ မိတ်ဖက် နိုင်ငံတနိုင်ငံဖြစ်ပြီး အခုရယူခဲ့တဲ့ သဘောတူညီမှုတွေနဲ့ နှစ်နိုင်ငံစလုံးအတွက် အရေးပါတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီး Kerry က ပြောပါတယ်။


၂၀၁၁ ခုနှစ်က အစပြုပြီး အခုနောက်ဆုံး အပြီးသတ် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ဒီသဘောတူညီချက်ဟာ ၂၀၁၇ ခုနှစ်ရောက်ရင် Darwin မှာ အမေရိကန် တပ်အင်အား ၂ ထောင့် ၅ ရာအထိ ဖြန့်ကျက်သွားဖို့ဆိုတဲ့ အာရှမှာ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှု ထိန်းညှိဖို့ ကြိုးစားနေတာရဲ့ အဓိက အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။


မစ္စတာ Kerry နဲ့ မစ္စတာ Hagel တို့ဟာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့ သြစတြေးလျ ကာကွယ်ရေးဝ်ကြီး David Johnston တို့နဲ့ တွေ့ဆုံချိန်မှာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် အတော်များများကို ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG