သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်လေယာဉ်ပျံသန်းမှု တရုတ်စောင့်ကြည့်ခဲ့


အငြင်းပွားနေတဲ့ အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းတွေပေါ်မှာ လက်နက် တပ်ဆင်မထားတဲ့ B52 ဗုံးကျဲလေယာဉ်နှစ်စင်းကို အမေရိကန်ပြည်ထောင်စုက ပျံသန်းပြီး ကျွန်းတွေကို ထိန်းချုပ်မှု ဂျပန်ဆီကနေရဖို့ ကြိုးစားနေတဲ့ တရုတ်တို့ရဲ့လုပ်ရပ်ကို အံတု ပြလိုက်ပါတယ်။

ဗုံးကျဲလေယာဉ်တွေ ပျံသန်းနေတဲ့တချိန်လုံးမှာ စောင့်ကြည့်နေခဲ့ပြီး အချိန်နဲ့တပြေးညီ မှတ်တမ်းတင်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ အဲဒီဒေသကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။

တနင်္လာနေ့က ဗုံးကျဲလေယာဉ်နှစ်စင်း ပျံသန်းခဲ့မှုအပေါ် တရုတ်ဘက်က ချက်ခြင်းမတုံ့ပြန်ခဲ့ဘူးလို့ ပန်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ အဲဒီလေပြင်ကို လေကြောင်းကာကွယ်ရေးဇုံသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စနေနေ့မှာ တရုတ်နိုင်ငံက ကြေညာ ထားတာပါ။

အဲဒီလေကြောင်းထဲကို မဝင်ရောက်ခင်မှာ လေယာဉ်တွေအားလုံးဟာ ကိုယ့်ကိုယ်ကို ထုတ်ဖော်ကြေညာရမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ညွန်ကြားချက် အားလုံးကို လိုက်နာရမယ်လို့ တရုတ်က သတိပေးထားပါတယ်။

တနင်္လာနေ့က ဗုံးကျဲလေယာဉ်နှစ်စင်း ပျံသန်းခဲ့တာဟာ ကာလရှည်ကြာ စီစဉ်ခဲ့တဲ့ကိစ္စဖြစ်ပြီး လေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်။ ဒါပေမဲ့လည်း အဲဒီဒေသကိုထိန်းချုပ်ဖို့ တရုတ်ကကြိုးပမ်းတာကို အမေရိကန်က အသိအမှတ်မပြုဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုက်တာဖြစ်တယ်လို့ လေ့ လာသူတွေကသုံးသပ်ပါတယ်။
XS
SM
MD
LG