သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း George H. W. Bush ရဲ့နိုင်ငံတော်ဈာပန အခမ်းအနား နှင့် နိုင်ငံရဲ့ နောက်ဆုံးဂါဝရ


ဖခင်ဖြစ်သူ နိုင်ငံတော်ဈာပန အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ (၄၃)ဦးမြောက် အမေရိကန်သမ္မတလည်းဖြစ်၊ ကွယ်လွန်သမ္မတ Bush ရဲ့ သားလည်းဖြစ်သူ George W. Bush (ဒီဇင်ဘာလ ၅၊ ၂၀၁၈)
ဖခင်ဖြစ်သူ နိုင်ငံတော်ဈာပန အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ (၄၃)ဦးမြောက် အမေရိကန်သမ္မတလည်းဖြစ်၊ ကွယ်လွန်သမ္မတ Bush ရဲ့ သားလည်းဖြစ်သူ George W. Bush (ဒီဇင်ဘာလ ၅၊ ၂၀၁၈)

ကွယ်လွန်သူ (၄၁)ဦးမြောက် အမေရိကန်သမ္မတဟောင်း George H.W. Bush ရဲ့ ဈာပန အခမ်းအနားကို ဝါရှင်တန်မြို့တော်ရှိ National Cathedral ဘုရားရှစ်ခိုးကျောင်းမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာမှာ အမေရိကန်ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်တွေနဲ့အတူ ကမ္ဘာတဝန်း လက်ရှိနဲ့ ခေါင်းဆောင်ဟောင်းတွေ တက်ရောက်ခါ အမေရိကန်နိုင်ငံသားတွေက နောက်ဆုံးဂါဝရ ပြုခဲ့ကြပါတယ်။

အမေရိကန်သမ္မတဟောင်းတွေဖြစ်ကြတဲ့ Jimmy Carter, Bill Clinton နှင့် Barack Obama တို့နှင့်အတူ လက်ရှိသမ္မတ Donald Trump တို့တက်ရောက်ခဲ့ကြပြီး (၄၃)ဦးမြောက် အမေရိကန်သမ္မတလည်းဖြစ်၊ ကွယ်လွန်သမ္မတ Bush ရဲ့ သားလည်းဖြစ်သူ George W. Bush က ဖခင်ကို ဂါဝရပြု မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သူ့ဖခင်က သူတို့တတွေကို သွန်သင်ဆုံးမခဲ့တာက နိုင်ငံ့အကျိုးသယ်ပိုးမှုဟာ မွန်မြတ်ပြီး၊ လိုအပ်တယ်ဆိုတဲ့ အချက်ဖြစ်ပြီး သူ့ကိုယ်တိုင်လည်း နိုင်ငံအကျိုးအတွက်လည်း အစွမ်းကုန် ထမ်းရွက်ခဲ့သူတဦးဖြစ်တယ်လို့ သားဖြစ်သူက ပြောကြားခဲ့ပါတယ်။

သူ့ရဲ့မိန့်ခွန်းအဆုံးနားမှာ သားဖြစ်သူ သမ္မတဟောင်းက ဆို့နစ်ပြီး မျက်ရည်ကျက သူ့ဖခင်ဟာ သိက္ခာသမာဓိရှိတဲ့ လူတော်လူကောင်းတဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ဈာပန အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေက သားဖြစ်သူရဲ့ မိန့်ခွန်းကို သြဘာပေးခဲ့ကြပါတယ်။

နိုင်ငံတော်ဈာပန အခမ်းအနားမှာ သမ္မတ Trump ကမိန့်ခွန်းပြောကြားခြင်းမပြုပေမဲ့ စောစောပိုင်း twitter ကတဆင့် ရေးသားရာမှာတော့ Bush မိသားစုနှင့် အတူ ဈာပန အခမ်းအနားတက်ရောက်ဖို့ သူ့အနေနဲ့ စိတ်ဆန္ဒစောလျက်ရှိပြီး ဒီအခမ်းအနားဟာ ဈာပနအခမ်းအနားမဟုတ်ပဲ ထင်ရှားတဲ့ ဘဝတလျောက် ထူးချွန်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့နေ့ ဖြစ်တဲ့အကြောင်းနဲ့ ကွယ်လွန်သူ သမ္မတ Bush ကို အမြဲအောင်းမေ့သတိရနေမှာ ဖြစ်တဲ့အကြောင်းရေးသားခဲ့ပါတယ်။

နိုင်ငံတော်ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel၊ ဗြိတိန်အိမ်ရှေ့မင်းသား Prince Charles၊ ဂျော်ဒန်ဘုရင် Abdullah နှင့် ပိုလန်သမ္မတ Andrzej Duda တို့ပါဝင်ပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်ကအသက် (၉၄)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ သမ္မတဟောင်း Bush ရဲ့ ဈာပနအခမ်းအနားမှာ အောင်းမေ့သတိရဘွယ် ဂါဝရပြုမိန့်ခွန်းပြောကြားခဲ့သူတွေထဲမှာ ကနေဒါဝန်ကြီးချုပ်ဟောင်း Brian Mulorney၊ အမေရိကန်အထက်လွှတ်တော်အမတ်ဟောင်း Alan Simpson၊ သမိုင်းသုတေသီ Jon Meacham တို့လည်း ပါဝင်ကြပါတယ်။

ကွယ်လွန်သူ သမ္မတဟောင်း Bush ဟာ ၁၉၈၉ခုနှစ်ကနေ ၁၉၉၃ခုနှစ်ထိ အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်စဉ် ကနေဒါဝန်ကြီးချုပ်ဖြစ်ခဲ့သူ Brian Mulorney က သမ္မတ George Herbert Walker Bush လောက် သတ္တိရှိပြီး သိက္ခာသမာဓိရှိကာ လေးစားရတဲ့ သမ္မတ အမေရိကန်သမိုင်းမှာ ရှိလိမ့်မယ်လို့ သူမယုံကြည်တဲ့အကြောင်း ပြောကြားသွားပါတယ်။

သမ္မတဟောင်း Bush ရဲ့ အထ္ထုပတ္တိရေးသားသူ သမိုင်းပညာရှင် Meacham ကတော့ သမ္မတ Bush ဟာ အမေရိကန်နိုင်ငံရဲ့ နောက်ဆုံးလက်ကျန် စစ်သည်လည်းဖြစ်၊ နိုင်ငံရေးခေါင်းဆောင် တဦးလည်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အသက် (၂၀)အရွယ်ကစပြီး ဂျက်တိုက်လေယာဉ်မှူးအဖြစ် ၁၉၄၄ ခုနှစ်က ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်ပင်လယ်မှာ ဂျပန်ကို ဗုံးကျဲတိုက်ခိုက်ခဲ့စဉ်က အသက်မသေပဲ လွတ်မြောက်ခဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကွယ်လွန်သူ သမ္မတဟောင်း Bush ဟာ အမေရိကန်ရေတပ် လေသူရဲအဖြစ် သတ္တိရှိမှုအတွက် စစ်တပ်ရဲ့ အမြင့်ဆုံးဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသူဖြစ်ပြီး နိုင်ငံရေးလောကမှာလည်း ဆိုဗီယက် ယူနီယံကြီး ပြိုကျကာ ၁၉၉၀ ခုနှစ်များ စောစောပိုင်းက အရှေ့နဲ့အနောက် ဂျာမနီ ပြန်လည်ပေါင်းစည်းရေး ကြားဝင်ဆောင်ရွက်ပေးမှုအပြင်၊ နိုင်ငံရဲ့အကျိုးကို ဂုဏ်သိက္ခာရှှိရှိ ကြင်နာမှု အပြည့်အဝနဲ့ ထမ်းဆောင်ခဲ့သူအဖြစ် နိုင်ငံက အမှတ်ရလျှက်ရှိပါတယ်။

သူရဲ့ရုပ်ကလပ်ကို နိုင်ငံတော်ဈာပနအခမ်းအနားအပြီးမှာ Andrews Air Force လေတပ်စခန်းကနေ တက္ကဆက်ပြည်နယ် Houstonမြို့ကို သယ်ဆောင်ခဲ့ပြီး St. Martins ဘုရားရှစ်ခိုးကျောင်းမှာ ကြာသာပတေးနေ့ ဒုတိယအကြိမ် သီးသန့် ဝတ်ပြုဆုတောင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။ ဒီနောက် Houston မြို့ရဲ့ College Station ရှိ သမ္မတရဲ့ပြတိုက်နဲ့ စာကြည့်တိုက်ရှိရာ တက္ကဆက် A&M တက္ကသိုလ်ဝင်းမှာ ဧပြီလက ကွယ်လွန်ခဲ့တဲ့ သူရဲ့ (၇၃)နှစ်ကြာ ဇနီးဖြစ်ခဲ့သူ Barbara နှင့် ၁၉၅၃ ခုနှစ်က လူကီမီးရာ သွေးကင်ဆင်ရောဂါနဲ့ အသက်သုံးနှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ သမီးငယ် Robin တို့ဘေးမှာ မြှုပ်နှံ သဂြိုလ်မှာဖြစ်ပါတယ်။

ကွယ်လွန်သူ သမ္မတ Bush ကို ဂါဝရ ပြုတဲ့အနေနဲ့ ဒီဇင်ဘာလ (၅)ရက် ဗုဒ္ဓဟူးနေ့ကို နိုင်ငံတဝှမ်း ဝမ်းနည်းကြေကွဲတဲ့နေ့အဖြစ် သတ်မှတ်လိုက်ပါတယ်။ အဲဒီနေ့မှာ နယူးရောက် Stock Exchange အပါအဝင် အစိုးရရုံးအများစုလည်း ပိတ်ကြပါတယ်။

XS
SM
MD
LG