သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Black Friday ဈေးလျှော့ရောင်းချမှု ဝယ်လိုသူတွေ အလုအယက်


Black Friday ဈေးလျှော့ရောင်းချတဲ့မြင်ကွင်း ( နိုဝင်ဘာ ၂၃-၂၀၁၇)
Black Friday ဈေးလျှော့ရောင်းချတဲ့မြင်ကွင်း ( နိုဝင်ဘာ ၂၃-၂၀၁၇)

အမေရိကန်ပြည်ထောင်စုမှာ Black Friday လို့ခေါ်တဲ့ အထူးဈေးလျှော့ရောင်းတဲ့နေ့ဟာ ရောင်းသူရောဝယ်သူရော အထူး စိတ်ဝင်စားတဲ့နေ့ဖြစ်ပါတယ်။ ရောင်းတဲ့သူ ဘက်ကလည်း ဝယ်မယ့်သူတွေ အုံနဲ့ကျင်းနဲ့ဝယ်အောင် ဈေးကစား ပြီး အမြတ်ထွက်အောင် ကြိုးစားတဲ့နေ့ဖြစ်သလို၊ ဝယ်တဲ့သူတွေဘက်ကလည်း ဈေးလျှော့တဲ့ပစ္စည်းတွေကို အမိအရ ဝယ်နိုင်အောင် ကြိုးပမ်းကြတဲ့နေ့လည်းဖြစ်ပါတယ်။ မနေ့ကကျရောက်ခဲ့တဲ့ အမေရိကန်နဲ့ ဗြိတိန်က Black Friday ဈေးရောင်းတဲ့နေ့ အကြောင်း ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

နိုဝင်ဘာလ နောက်ဆုံးပတ်ရဲ့ ကြာသပတေးနေ့ကို ကျေးဇူးတော်နေ့လို့ အမေရိကန်ပြည်ထောင်စုမှာ သတ်မှတ်ထား ပါတယ်။ မိသားစုတွေအတူဆုံကြတဲ့နေ့ပါ။ ကျေးဇူးတော်နေ့ပြီးတော့လာတဲ့ နောက်တရက်သောကြာနေ့ကိုတော့ Black Friday လို့ခေါ်ကြပါတယ်။

ဒီနေ့ဟာ နှစ်သစ်ကူးကာလ အားလပ်ရက် ဈေးဝယ်ထွက်တဲ့ရာသီ စတင် တဲ့နေ့ပဲလို့ပြောရမှာပါ။ နှစ်ကူးကာလ အားလပ်ရက်တွေမှာ ရာသီဥတုက အေးတယ်ဆို ပေမဲ့လျှော့ဈေးနဲ့တိုးဖို့ မိုးမလင်းခင်၊ ဆိုင်တွေမဖွင့် ခင်ကတည်းက ဝယ်မယ့်သူတွေ ဆိုင်ရှေ့မှာ တန်းစီနေကြတာပါ။

ဦးရာလူစံနစ်နဲ့ရောင်းချတာမို့ ဆိုင်ဖွင့်ဖွင့်ချင်း တန်းစီနေ့ကြတဲ့ဈေးဝယ်တွေဆိုင်ထဲကို အပြေးအလွားနဲ့ အလုအယက်ဝယ်ကြတာပါ။ ပစ္စည်းတိုင်းကိုတော့ ဈေးလျှော့တာ မဟုတ်ပါဘူး။ ဈေးလျှော့တဲ့အချိန်ကလည်း အကန့်အသတ်ရှိပါတယ်။ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို ၃၀ရာ ခိုင်နှုန်း၊ ၄၀ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းစသဖြင့်ဈေးလျှော့ထားတာမို့ ဘယ်ပစ္စည်းက ဘယ်လောက်ဈေးလျှော့တယ်ဆိုတာ အရင်တွေ့အောင်ရှာ၊ ပြီးတာနဲ့ဒီပစ္စည်းကို လက်ထဲမှာ မလွတ်တမ်းကိုင်ထားပေးတော့။

ဖလော်ရီဒါပြည်နယ်က Best Buy ဆိုတဲ့ လျှပ်စစ်ပစ္စည်းစတိုးဆိုင်တခုမှာ Black Friday ဈေးလာဝယ်သူအမျိုးသမီးတဦးရဲ့အတွေ့အကြုံကိုနားထောင်ကြည့်ပါဦး။

"ကျမအိပ်ခန်းမှာTV ၂လုံးထားချင်တာပါ။ ၄၅မိနစ်လောက်စောင့်ခဲ့ပြီးတဲ့နောက် ကျမလိုချင်တဲ့TV ၂လုံးရခဲ့ပါတယ်။။ စောစောထတဲ့ငှက်က အကောင်းဆုံးတီကောင်ကို စားရတယ်ဆိုတဲ့ စကားပုံအတိုင်းပေါ့ရှင်"

နောက်တဦးကလည်း TV ဝယ်ဖို့လာခဲ့ပေမဲ့ သူလိုချင်တဲ့ပစ္စည်းနဲ့လွဲခဲ့ရသူပါ။

"ကျနော်က အိမ်မှာနေပြီး အွန်လိုင်းကပဲ ဝယ်ဖို့ကောင်းတာပါ၊ ဒါပေမဲ့ အမှန် အတိုင်းပြောရရင် လူတွေမနက်အစောကြီး ဈေးတွေ အလုအယက် ဝယ်တဲ့မြင်ကွင်း ကိုကြည့်ချင်တာနဲ့ပဲ စောစောထဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆိုင်ဖွင့်ဖွင့်ချင်းတိုး တဲ့အထဲမှာ ကျနော် နည်းနည်းနောက်ကျသွားလို့ လိုချင်နေတဲ့ TVကို လျှော့ဈေးနဲ့မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ကျနော်လို ချင်တဲ့TVနဲ့ မတိမ်းမယိမ်းရှိတာတော့ ရခဲ့ပါတယ်"

အမေရိကန်ရဲ့ Black Friday ဈေးရောင်းပွဲက ဥရောပမှာလည်း ကူးဆက်နေပါပြီ။ ဗြိတိန်က Debenhams ကုန်တိုက် ဈေးကွက်ညွန်ကြားရေးမှုး Richard Cristofoli က Black Fridayနဲ့ နှစ်သစ်ကူးကာလဈေးရောင်းချဖို့သူတို့ပြင်ဆင် ထားတာကို ရှင်းပြပါတယ်။

"ဒီနေ့တရက်ထဲ အော်ဒါ ၂သိန်းခွဲလောက် အွန်လိုင်းကနေမှာကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။"

ပုံမှန် နေ့တွေထက် ဒီနေ့က ၆ဆလောက်အလုပ်ပိုရှုပ်တာပါ။ အခုနှစ်သစ်ကူး ကာလဈေးဝယ်ရာသီအတွက်ကိုပဲ လူအပို ၈ထောင်လောက် ခန့်ထားရတာပါ။ ဆိုင်ဖွင့်ဖွင့်ချင်း ဈေးချထားတဲ့ကာလအတွင်းမှာ တမိနစ်ကို ရေမွေးပုလင်း ၂၀၀လောက် ဒီနေ့ရောင်းရဖို့ရှိနေပါတယ်။ ဒါက ရေမွေးတမျိုးထဲကို ဥပမာပေးတာပါ။

ဗြိတိန်က အမေဇုံဆိုင်ခွဲရဲ့ညွှန်ကြားရေးမှုး Katie Mcquaidကလည်း Black Friday မှာဘယ်လောက်ရောင်းအား သွက်သလဲဆိုတာကို ရှင်းပြပါတယ်။

"ကြာသပတေးနေ့ည သန်းခေါင်အချိန်ကစပြီး Black Friday ဈေးလျှော့တာတွေ ကျမတို့ကုမ္ပဏီက စခဲ့ပါတယ်။ ပထမ ၆နာရီအတွင်း ကလေး ကစားစရာအရုပ်ပေါင်း ၆သောင်း၃ထောင်နဲ့ အလှကုန်ပစ္စည်း ၃သောင်း ၂ထောင် ဝယ်ဖို့ အော်ဒါ တွေရပါတယ်။ ဒီနေ့က ကျမတို့အတွက် တကယ့်ကို အလုပ်များတဲ့နေ့ပါ။ ခရစ်စမတ်ကာလ ဒီနေ့လိုဈေးချတဲ့နေ့တွေမှာ ဈေးဝယ်ရတာက ဝယ်တဲ့လူတွေအတွက်လည်း တကယ် တန်ပါတယ်"

နှစ်သစ်ကူးကာလ ဈေးဝယ်ထွက်တဲ့ရာသီမှာ နာမည်ကြီးတဲ့နေ့တွေကတော့ Thanksgiving ကျေးဇူးတော်နေ့၊ Black Friday ပြီးရင် Cyber Monday ဒီနေ့က ကျေးဇူးတော်နေ့ပြီးတော့လာတဲ့ တနင်္လာနေ့ကိုခေါ်တာပါ။ အဲဒီနေ့မှာ နည်းပညာဆိုင်ရာပစ္စည်းတွေ အထူးဈေးနဲ့ရောင်းကြပါတယ်။

Cyber Monday ပြီးရင်လာမှာက ခရစ်္စမတ်နေ့ ပြီးရင် နှစ်သစ်ကူးနေ့ပါ။ Black Friday ဆိုတဲ့အဓိပါယ်ကတော့ ဈေးရောင်းတဲ့လူတွေအတွက် ငွေစာရင်းချုပ်တဲ့အခါ အရှုံးပြရင် မှင်အနီရောင်တားပြီးမှတ်ရပါတယ်။ အမြတ်ထွက်ရင်တော့ အမြတ်ငွေကို မှင်အမဲသုံးပြီးမှတ်ရပါတယ်။

Black Friday ဆိုတော့ ရောင်းတဲ့သူတွေ အမြတ်ထွက်တဲ့နေ့ပေါ့လေ။ ဝယ်တဲ့သူတွေလည်း သူ့နည်းသူ့ဟန်နဲ့ အမြတ်ထွက်တဲ့ သဘော ခံစားကြရတာပါပဲ။ ကိုလိုချင်တဲ့ပစ္စည်းကို လျှော့ဈေးနဲ့ရကြတာကိုး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG