သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့ကြီးတွေ ရင်ဆိုင်ရတဲ့ ခြိမ်းခြောက်မှု ပူးပေါင်းဟန့်တားရေး ညီလာခံ


အမေရိကတိုက်နိုင်ငံက မြို့ကြီးတွေ ရင်ဆိုင်နေရတဲ့ ကမာ္ဘလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို အမေရိကန်က ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု Colorado ပြည်နယ် Denver မြို့မှာ ကျင်းပနေတဲ့ အမေရိကတိုက် မြို့များညီလာခံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က နိုင်ငံခြားရေးဌာနနဲ့ မြို့တွေကြား ချိတ်ဆက်ဆောက်ရွက်မှုရဲ့ ရလဒ်တွေကို အခုလို ပြောကြားသွားခဲ့ပါတယ်။

ဘုံစွမ်းအင် ဖူလုံရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ကမာ္ဘ့ကျန်းမာရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးတွေကို သက်ဆိုင်ရာမြို့တွေက ဒေသခံတွေနဲ့ အမေရိကန်သံရုံးတွေ အနီးကပ် ချိတ်ဆက်ဆောင်ရွက်နေတဲ့အတွက် ထိရောက်တဲ့ ရလာဒ်ကောင်းတွေ ရရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားတာ ဖြစ်ပါတယ်။ နိုင်ငံပြောင်းရွှေ့ အခြေချသူများအရေး၊ ရာသီဥတု ပြောင်းလဲဖောက်မှု တုံ့ပြန်ရေးနဲ့ အစိုးရတွေ ပွင့်လင်းမြင်သာမှုရှိရေးလို ပြဿနာတွေကို ဒေသန္တရ အစိုးရတွေ ဘယ်လို ကိုင်တွယ်ဖြေရှင်းတယ် ဆိုတာကို အစိုးရတွေအနေနဲ့ လေ့လာဖို့ လိုအပ်တယ်လို့လည်း သူက အကြံပြုသွားပါတယ်။

အမေရိကန်မြို့တွေက မြို့တော်ဝန်တွေနဲ့ တခြားနိုင်ငံတွေက မြို့တော်ဝန်တွေကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးအတွက် အမေရိကန်နိုင်ငံခြားရေးဌာနမှာ City and State Diplomacy မြို့နဲ့ နိုင်ငံ သံခင်းတမန်ခင်းဆိုင်ရာ ရုံးခန်းသစ် ဖွင့်လှစ်ဆောင်ရွက်နေတာကိုလည်း နိုင်ငံခြားရေးဝန်ကြီး Blinken က ဥပမာပေး ပြောကြားခဲ့ပါတယ်။ ညီလာခံ လာတက်တဲ့ အမေရိကတိုက်နိုင်ငံတွေက အမျိုးသမီးမြို့တော်ဝန်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သီးသန့်တွေ့ဆုံခဲ့ပြီး မညီမျှမှု ပြဿနာတွေကိုလည်း အလေးပေးဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG