အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်မှာ စာတိုက်တွေ၊ ရဲကားတွေနဲ့ အီရတ်၊ အာဖဂန်နစ္စတန် စစ်ပွဲတွေ ဆီကနေ ပြန်လာတဲ့ အမေရိကန်စစ်သားတွေကို တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွဲချက်နဲ့ လူတစ်ယောက်ကို နယူးယောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် Jose Pimental ဆိုသူဟာ အယ်လ်ခိုင်းဒါးအဖွဲ့ကို အားကျအတုယူတာ ဖြစ်တယ်လို့ နယူးယောက် မြို့တော်ဝန် မိုက်ကယ်လ် ဘလွန်းမ်ဘာ့ဂ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့လည်း သူဟာ တစ်ဦးတည်းလုပ်ခဲ့တာ ဖြစ်ပြီး လျှို့ဝှက်ကြံစည်မှုကြီးတစ်ခုရဲ့ တစိတ်တပိုင်း မဟုတ်ဘူးလို့ ဆိုပါတယ်။
စနေနေ့ နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့ကနေ သူ့ကိုဖမ်းဆီးခဲ့ချိန်တုန်းက သူဟာ ပိုက်နဲ့လုပ်ထားတဲ့ ဗုံးသုံးလုံးတောင် လုပ်ထားပြီးနေပြီလို့ နယူးယောက်မြို့တော် ရဲကော်မရှင်နာမင်းကြီး Raymond Kelly က ပြောပါတယ်။
Pimental ဟာ ဖောက်ခွဲရေးပစ္စည်းတွေ အပြီးသတ်လုပ်ဖို့ တစ်နာရီလောက်ပဲ လိုတော့တယ်လို့ တနင်္ဂနွေနေ့ နှောင်းပိုင်း တရားရုံးကြားနာပွဲမှာ အစိုးရရှေ့နေတွေက ထွက်ဆိုခဲ့ပါတယ်။
အကြမ်းဖက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဗုံးလုပ်မှု၊ အကြမ်းဖက်လုပ်ရပ်အတွက် ပစ္စည်းတွေ လက်ဝယ်ထားရှိမှုနဲ့ Pimental အပေါ် စွပ်စွဲထားပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်တဲ့ Pimental ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းသွားသူဖြစ်ပြီး အစွန်းရောက် ဘာသာရေးဆရာ Anwar al-Awlaki ရဲ့ နောက်လိုက်တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။