သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါဆယ်ဗုံးပို့သူ သဲလွန်စရဖို့ ဖလော်ရီဒါပြည်နယ် စာတိုက်မှာရှာဖွေ


နယူးယောက် အုပ်ချုပ်ရေးမှူးရုံးတဝိုက် ဗုံးအနံ့ခံခွေးများနှင့် ရှာဖွေနေစဉ်
နယူးယောက် အုပ်ချုပ်ရေးမှူးရုံးတဝိုက် ဗုံးအနံ့ခံခွေးများနှင့် ရှာဖွေနေစဉ်

ထင်ရှားတဲ့ ဒီမိုကရက်ပါတီဝင်တွေနဲ့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကို ဝေဖန်တဲ့သူတွေဆီကို စာတိုက်ကနေ ပေးပိုခဲ့တဲ့ ပိုက်လုံးနဲ့လုပ်ထားတဲ့ လက်လုပ်ဗုံး ၁၀ ခုထဲက အနည်းဆုံး တခုကို ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ စာတိုက်တခုကနေ ပေးပို့ခဲ့တာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီးတဲ့နောက် အမေရိကန် အစိုးရစုံစမ်းစစ်ဆေးသူတွေဟာ အဲဒီစာတိုက်ကို ကြာသပတေးနေ့ညက ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

အမေရိကန်အောက်လွှတ်တော်အမတ် Debbie Wasserman Schultz ရဲ့ ရုံးခန်းကိုရောက်သွားတဲ့ စာအိတ်အထုပ်ဟာ မေးခွန်းထုတ်စရာ စာအိတ်ဖြစ်နိုင်ချေရှိတယ်လို့ ဒီအမှုတွေကို ကျွမ်းကျင်တဲ့ အမေရိကန်အစိုးရ တရားရေးတာဝန်ရှိသူတွေကို ကိုးကားပြီး Miami Herald သတင်းစာက ဖော်ပြပါတယ်။

ဒီစာအိတ်ဗုံးဟာ Schultz ရဲ့ ရုံးခန်းကိုမရောက်ခင်ကတော့ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်ရှေ့နေချုပ်ဟောင်း Eric Holder ရဲ့ ရုံးခန်းကို အရင်ပေးပို့ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကို မပို့ဖြစ်ပဲ သူ့ရဲ့ မူလလိပ်စာဖြစ်တဲ့ Schultz ရဲ့ ရုံးခန်းကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီစာအိတ်ကိုတော့ ဖလော်ရီဒါက Opa-locka စာတိုက်ကနေ ပေးပို့ခဲ့တာဖြစ်တယ်လို့ The Herald သတင်းစာက ဆိုပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ ပိုက်လုံးနဲ့လုပ်ထားတဲ့ ဗုံး ၁၀ လုံးကို ပို့တဲ့သူကို ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။ ဒီလုပ်ရပ်တွေကို လုပ်ဆောင်တဲ့သူ ဖော်ထုတ်ဖမ်းဆီးသွားနိုင်မှာဖြစ်တယ်လို့ နယူးယောက်မြို့ရဲမှူးကြီး James O’Neill က ကြာသပတေးနေ့ နေလယ်ပိုင်းက ပြောပါတယ်။

အဲဒီသံသယဖြစ်ဖွယ် ဖောက်ခွဲရေးပစ္စည်းအားလုံးကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က Quantico မြို့က အမေရိကန်မရိန်းတပ်ဖွဲ့ရဲ့ FBI ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗြူရို ဓါတ်ခွဲခန်းကို ယူဆောင်သွားခဲ့တယ်လို့ ရဲမှူးကြီး O’Neill က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG