အမေရိကန်ပြည်ထောင်စုက မောင်းသူမဲ့ အဝေးထိန်း Drone တွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး အီရတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသကို ဒုတိယ အကြိမ်မြောက် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ ပါတယ်။ မောင်းသူမဲ့ လေယာဉ်တွေက Irbil မြို့အနီးမှာရှိတဲ့ အစ္စလာမ် အစွန်းရောက် တပ်ဖွဲ့တွေ ကို သောကြာနေ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် John Kirby က ပြောပါတယ်။
နောက်ပိုင်း မှာ တိုက်လေယာဉ်တွေက အစ္စလာမ် အစွန်းရောက်တွေ ရဲ့ မော်တော်ယာဉ်တွေ၊ မော်တာတွေပေါ်ကို ဗုံး ၈ လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ Irbil မြို့မှာ အီရတ်အစိုးရကို အကူအညီပေးနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်တဲ့အနေနဲ့ အခုလို ဗုံးကြဲ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ် John Kirby က ပြောပါတယ်။
သောကြာနေ့ အစောပိုင်းတုန်းကတော့ Irbil မြို့ကို ခုခံကာကွယ်နေကြတဲ့ Kurd လူမျိုးစု တပ်ဖွဲ့တွေကို မြောက်တွေနဲ့ ပစ်ခတ်နေတဲ့ သူပုန် တပ်ဖွဲ့တွေရှိရာကို အမေရိကန်လေတပ်က ပေါင်ချိန် ၅၀၀ နဲ့ ညီမျှတဲ့ လေဆာရောင်ခြည်နဲ့ ပစ်မှတ်ကို ချိန်ပစ်တဲ့ ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
Kurd လူမျိုးစုတွေရဲ့ ပိုင်နက်ထဲရောက်လုနီးပါးအထိ အစ္စလာမ် အစွန်းရောက် တပ်ဖွဲ့တွေက ခြိမ်းခြောက် တိုက်ခိုက်လာနေတဲ့အချိန်မှာပဲ အမေရိကန်က လေကြောင်း တိုက်ခိုက်မှုတွေ စတင် ပြုလုပ်ခဲ့တာကြောင်း အဆင့်မြင့် အမေရိကန် အရာရှိတဦးက သောကြာနေ့ အစောပိုင်းမှာ ပြောပါတယ်။ အမေရိကန်က လေကြောင်းက တိုက်ခိုက်ဖို့အတွက် သမ္မတ Barack Obama က ကြာသပတေးနေ့က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။