သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနိုင်ငံသစ်ပေါ်ထွန်းရေး အမေရိကန်နဲ့ ဗြိတိန်ကြိုးပမ်းမည်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်းတို့နှစ်ဦး တနင်္လာနေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်းတို့နှစ်ဦး တနင်္လာနေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
ဆီးရီးယားအတိုက်အခံတွေကို အကူအညီတွေ ထပ်ပေးပြီး ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ် (Bashar al-Assad) မပါတဲ့ ဆီးရီးယားနိုင်ငံသစ် ထူထောင်နိုင်ရေး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ဆက်လက် အားပေးကူညီသွားမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) နဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောသွားတာပါ။ အစွန်းမရောက်တဲ့ အလယ်အလတ် ဆီးရီးယား အတိုက်အခံတွေကို အမေရိကန်နဲ့ ဗြိတိန်က ဆက်လက် ကူညီသွားမှာဖြစ်သလို လာမယ့် နိုင်ငံတကာ ထိပ်သီး ဆွေနွေးပွဲတစ်ခုမှာ ဆီးရီးယား အသွင်ကူးပြောင်းရေးကာလ အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့အရေး ကူညီနိုင်ဖို့ သူတို့ နှစ်နိုင်ငံက ကြိုးပမ်းနေတဲ့အကြောင်း သမ္မတအိုဘားမားက ပြောသွားတာပါ။

ကမ္ဘာ့ အဆိုးရွားဆုံး ထိတ်လန့်စရာ အခြေအနေတွေနဲ့ မကြုံရခင် ဆီးရီးယားအနေနဲ့ ချက်ချင်း လုပ်ဆောင်ရမယ့် အခွင့်အလမ်းတစ်ရပ် ရှိနေတုန်းပဲလို့ ဗြိတိန်ဝန်ကြီးချုပ် ကမရွန်း ကလည်း ပြောလိုက်ပါတယ်။

အလယ်အလတ်ကျတဲ့ အတိုက်အခံတွေကို တိုးမြှင့်ကူညီသွားမှာဖြစ်ပြီး အဲ့ဒီလို အတိုက်အခံတွေနဲ့ လက်တွဲ မဆောင်ရွက်ဘူးဆိုရင် အစွန်းရောက်တွေ ကြီးထွားလာနိုင်တဲ့အကြောင်းလည်း မစ္စတာ ကင်မရွန်းက ပြောသွားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကမရွန်းဟာ ဆီးရီးယားစစ်ပွဲတွေ အဆုံးသတ်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းမှု ကိစ္စတွေကို ရုရှားသမ္မတ ဗလဒီမီယာ ပူတင် (Vladimir Putin) နဲ့ သောကြာနေ့က ဆွေးနွေးခဲ့ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ် နဲ့ ဆီးရီးယားသူပုန်တွေကြား ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်လာအောင် ဖိအားပေးဖို့အတွက် နိုင်ငံတကာ ညီလာခံတရပ် ဂျနီဗာမြို့မှာ ကျင်းပဖို့ အမေရိကန်နဲ့ ရုရှားတို့က အစပိုင်းမှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို ဆီးရီးယားအစိုးရဘက် တုံ့ပြန်ခဲ့ခြင်းမရှိသလို အဓိက အစိုးရ အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့အစည်းကလည်း မစ္စတာ အာဆဒ်ကို အာဏာမှာ ဆက်လက်ထားရှိမယ့် ဘယ်လို သဘောတူညီချက်မျိုးကိုမဆို သူတို့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG