သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတွက် ဒဏ်ခတ်မှုသစ် ကန်-ဗြိတိန်ဆွေးနွေး


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Phillip Hammond နဲ့ အမေရိကန်နိုင်ငံခြားရေးဝန် John Kerry လန်ဒန်သတင်းစာရှင်းလင်းပွဲမှာတွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Phillip Hammond နဲ့ အမေရိကန်နိုင်ငံခြားရေးဝန် John Kerry လန်ဒန်သတင်းစာရှင်းလင်းပွဲမှာတွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅)

ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်ပြီးချမှတ်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့ စနေနေ့က ဆွေးနွေးကြပါတယ်။ သီတင်းတပတ်ပဲ သက်တမ်းရှိသေးတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်စီးမယ့်အခြေအနေမှာ ရောက်နေတာနဲ့အမျှ အခုလို ဆွေးနွေးကြတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Philip Hammond နဲ့ လန်ဒန်မြို့မှာ တွေ့ဆုံဆွေးနွေးတာပါ။ အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်တဲ့အတွက် ချမှတ်နိုင်ခြေ ဒဏ်ခတ်အရေးယူမှုအသစ်တွေကို လာမယ့် ရက်အနည်းငယ်အတွင်း သမ္မတဘရာ့ခ် အိုဘားမားက ဆုံးဖြတ်မယ်လို့ ဆွေးနွေးပွဲအပြီးမှာ ဝန်ကြီးကယ်ရီကပြောပါတယ်။

အမေရိကန်နဲ့မဟာမိတ်တွေဟာ ပြင်းထန်တဲ့ လုပ်ဆောင်မှုတွေနဲ့ တုံ့ပြန်သွားမယ်ဆိုတာ သူ့အနေနဲ့ စိတ်ချ ယုံကြည်တယ်လို့ မစ္စတာကယ်ရီကပြောပြီး ယူကရိန်းတပ်ဖွဲ့တွေကို လက်နက်ခဲယမ်းပေးတာကလည်း အမေရိကန်က စဉ်းစားနေတဲ့ နောက် ဖြစ်နိုင်ခြေနည်းလမ်းဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ခိုက်မှုတွေဖြစ်တဲ့အပေါ် ယူကရိန်းစစ်ဘက်နဲ့ ရုရှားကျောထောက်နောက်ခံပြု သီးခြားခွဲထွက်ရေးသူပုန်တွေအကြား အပြန်အလှန် စွပ်စွဲကြတာနဲ့အမျှ အပစ်ရပ်သဘောတူညီချက်မှာပါတဲ့အတိုင်း အကျဉ်းသားလဲလှယ်တဲ့ကိစ္စကို စနေနေ့မှာ နှစ်ဘက်လုပ်ကြပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင် ၁၃၀ ယောက်နဲ့ သူပုန် ၅၂ ယောက်တို့ကို Zholobok ရွာ ဒေသမှာ နှစ်ဘက် အပြန်အလှန် လဲလှယ်ကြတာပါ။

ရုရှားနိုင်ငံအပေါ်ချမှတ်မယ့် ဖြစ်နိုင်ခြေ ဒဏ်ခတ်အရေးယူမှုအသစ်တွေနဲ့ ပတ်သက်ပြီး ရွေးချယ်စရာတွေကို လာမယ့်ရက်အနည်းငယ်အတွင်း သမ္မတ ဘရာ့ခ်အိုဘားမားက လေ့လာသုံးသပ်မယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျွန်ကယ်ရီကပြောလိုက်ပါတယ်။ အဲဒီနောက် အမေရိကန်ပြည်ထောင်စုက နောက်တဆင့် ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်မယ်လို့ဆိုပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက လက်နက်ကိုင်ပုန်ကန်မှုကို ရုရှားက ကျောထောက်နောက်ခံ ပေးထားတဲ့ကိစ္စအပေါ် အဓိကထားပြီး ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး Philip Hammond နဲ့ လန်ဒန်မြို့မှာ စနေနေ့က တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ဝန်ကြီးကယ်ရီက အဲဒီလိုပြောတာပါ။

နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေချမှတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက စဉ်းစားနေတယ်လို့ မစ္စတာကယ်ရီက စနေနေ့ အစောပိုင်းမှာပြောပါတယ်။ ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း လုံး၀ ပြောင်ပြောင်းတင်းတင်းနဲ့ ကိုယ်ကျိုးစီးပွား သက်သက်ကြည့်တဲ့ အလုပ်ကို စလုပ်နေတယ်လို့လည်း သူကပြောပါတယ်။ သူ့အဆိုအားဖြင့် ရုရှားရဲ့ သူမတူအောင် သူရဲ ဘောကြောင်တဲ့ အပြုအမူအတိုင်း အမေရိကန်နဲ့ မဟာမိတ်တွေက လိုက်လုပ်မှာ မဟုတ်ဘူးလို့ ဝန်ကြီးကယ်ရီက သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းက မတည်ငြိမ်မှုတွေနဲ့ပတ်သက်ပြီး ယူကရိန်းအစိုးရပေါ် အပြစ်ပုံချဖို့ ကုလသမဂ္ဂမှာ ကြိုးစားနေတာကို ရုရှားက ဦးဆောင်နေတယ်လို့ ဝန်ကြီးကယ်ရီကပြောပါတယ်။

XS
SM
MD
LG