သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ ယာယီအသုံးစရိတ် လွှတ်တော် အချိန်ကပ် အတည်ပြု


ယမန်နေ့ည သန်းခေါင်ယံအချိန်မှာ နောက်ဆုံးထားပြီး အမေရိကန်အစိုးရ ယန္တရားတချို့ ရပ်ဆိုင်းရမယ့် အခြေအနေကို နာရီပိုင်းအလိုမှာပဲ ကွန်ဂရက်လွှတ်တော်က ကြားကာလ အသုံးစရိတ် ဥပဒေကြမ်းတရပ် အတည်ပြုပြီး ကျော်လွှားနိုင်လိုက်ပါတယ်။

ဒီဥပဒေကြမ်းကို အောက်လွှတ်တော်က ၂၇၁ မဲ - ၁၅၁ မဲနဲ့ အတည်ပြုပြီး အထက်လွှတ်တော်က ရ၈ မဲ - ၂၀ မဲ နဲ့ အတည်ပြုခဲ့တာပါ။ အမေရိကန်အစိုးရ အသုံးစရိတ် ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ တိုးချဲ့မယ့် ဒီဥပဒေကြမ်းကို သမ္မတ အိုဘားမား လက်မှတ်ထိုးဖို့အတွက် ဆက်လက် ပေးပို့ရမှာ ဖြစ်ပါတယ်။

ရီပတ်ပလစ်ကန် လွှတ်တော်အမတ် Hal Rogers က အရေးကြီးဆုံးအချက်ကတော့ အစိုးရယန္တရားဟာ စီးပွားရေးလုပ်ငန်းတွေအတွက် ဆက်လက် ဖွင့်လှစ်ထားနိုင်မှာဖြစ်ပြီး၊ အမေရိကန် ပြည်သူအားလုံး မှီခိုအားထားနေရတဲ့ မရှိမဖြစ်တဲ့ အစီအစဉ်တွေ ဆက်လက် တည်ရှိနေရေးပဲ ဖြစ်ပါတယ်။

အခု လွှတ်တော်နှစ်ရပ်က ရှောင်လွှဲနိုင်ခဲ့တဲ့ အစိုးရယန္တရား ရပ်ဆိုင်းမယ့်ကိစ္စဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဗဟိုကျန်းမာရေး အစီအစဉ်အပေါ် အငြင်းပွားပြီး အစိုးရလုပ်ငန်းတချို့ နှစ်ပတ်ကျော် ရပ်ဆိုင်းခဲ့ရတဲ့ ဖြစ်စဉ်နဲ့ အလားတူ ဖြစ်ပါတယ်။

လက်ရှိ ဘဏ္ဍာရေးအခြေအနေကို လက်တွေ့ကျကျ ပြုပြင်နိုင်ရေးအတွက် ဘတ်ဂျက်ဆိုင်ရာ သဘောတူညီမှုတရပ်ကို ဘက်ပေါင်းစုံက လက်ခံကြရမှာ ဖြစ်တယ်လို့လည်း မစ္စတာ Rogers က ဆိုပါတယ်။

ဒီမိုကရက်လွှတ်တော်အမတ် Rosa DeLauro က အမေရိကန်အနေနဲ့ အစိုးရယန္တရား ရပ်ဆိုင်းလုနီးမှ တလချင်း အတည်ပြုပေးရတဲ့ စနစ်ထက် ပိုကောင်းမွန်တဲ့ စနစ် ရှိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG