အမေရိကန်နိုင်ငံမှာ ဗဟိုအစိုးရရဲ့ ဘတ်ဂျက်နဲ့ပတ်သက်ပြီး ဘယ်လောက် ဘယ်လို ဖြတ်တောက်မလဲ ဆိုတာကို အမတ်တွေကြားမှာ သဘောတူညီချက် ရရှိသွားခဲ့ကြတဲ့အတွက် အမေရိကန် အစိုးရလုပ်ငန်းတွေ ရပ်တန့်သွားတော့မယ့်အရေးကနေ ရှောင်ကွင်းသွားနိုင်ခဲ့ပါတယ်။
သောကြာနေ့က မိုးချုပ်လာချိန်မှာရရှိခဲ့တဲ့ သဘောတူညီချက်ထဲမှာ စိတ်ထိခိုက်စရာ ကောင်းမယ့် ဘတ်ဂျက် ဖြတ်တောက်မှုတွေ ရှိနေပါတယ်လို့ သမ္မတ ဘရက် အိုဘားမားက ပြောပါတယ်။ တင်သွင်းထားတဲ့ ၂၀၁၁ ခုနှစ်ဘတ်ဂျက်မှာ ဒေါ်လာ ၃၈ ဘီလီယံလောက် ကို ဖြတ်တောက်ခဲ့ရတာ ဖြစ်ပါတယ်။
အထက် နဲ့ အောက်လွှတ်တော် အမတ်တွေက ယာယီ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပြဌာန်းခဲ့ကြပြီး သမ္မတ လက်မှတ်ထိုးဖို့ ဆက်လက် တင်ပြမှာဖြစ်ပါတယ်။ ဘတ်ဂျက် အပြည့်အစုံကိုတော့ လာမယ့် ရက်သတ္တပတ် အလယ်ပိုင်းလောက်မှာ မဲပေးကြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဘတ်ဂျက် ဥပဒေဟာ တိုက်ပွဲရှည်ကြီး ဖြစ်ခဲ့ပါတယ်လို့ ရီပါဘလီကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘေးနား (John Boehner) က ပြောပါတယ်။ အလုပ်တွေကို ဖန်တီးနိုင်မယ့် အခြေအနေ ရှိလာဖို့အတွက် အသုံး စရိတ်ကို လျှော့ချဖို့ အရေးကြီးပါတယ်လို့ သူက ဆိုပါတယ်။
စေ့စပ်ရတာ ခက်ပါတယ်၊ ဒါပေမဲ့ တိုင်းပြည်အတွက် အရေးကြီးလှပါတယ်လို့ အထက်လွှတ်တော် အမတ် အများစုခေါင်းဆောင် ဒီမိုကရက်ပါတီ အမတ် ဟယ်ရီ ရိဒ် (Harry Reid) က ပြောပါတယ်။
သဘောတူညီချက်သာ မရဘူးဆိုရင် ဗဟိုအစိုးရ ၀န်ထမ်း ၁ သန်း ၉ သိန်း ရှိတဲ့အနက် ၈ သိန်းလောက် ယာယီ အလုပ် ရပ်နားထားလိုက်ကြရမှာပါ။ သားဖျက်ချတဲ့ကိစ္စ အသုံးစရိတ်နဲ့ပတ်သက်ပြီး ရီပါဘလီကန် ပါတီ အမတ်တွေနဲ့ ဒီမိုကရက်ပါတီ အမတ်တွေ သဘောတူညီချက် မရနိုင်ဖြစ်နေခဲ့ကြတာပါလို့ မစ္စတာ ရိဒ် က အစောပိုင်းက ပြောခဲ့ပါတယ်။