၂၀၁၁ ခု အမေရိကန် ဗဟိုအစိုးရ အသုံးစရိတ်နဲ့ ပတ်သက်ပြီး အစိုးရလုပ်ငန်းတွေ ရပ်တန့်သွားမယ့် အရေးက လွတ်အောင်နဲ့ ဒီကိစ္စကို ဆက်ပြီး အချိန်ယူ ဆွေးနွေးလို့ရအောင် ယာယီအနေနဲ့ မနေ့ကပဲ အထက်လွှတ်တော်က အချိန် ၂ ပတ် ခွင့်ပြုချက် ပေးခဲ့ပါတယ်။
အင်္ဂါနေ့တုန်းက အောက်လွှတ်တော်မှာ ဒီကိစ္စကိုပဲ ဆက်ပြီး ဆွေးနွေးကြရေး ဆုံးဖြတ်ချက် ချခဲ့တာပါ။
လွှတ်တော် ၂ ရပ်လုံးက အတည်ပြုလိုက်တာကို သမ္မတ အိုဘားမားက နောက်ဆုံးအတည်ပြုချက် လက်မှတ်ထိုးဖို့ပဲ လိုတော့တာပါ။ သမ္မတကလည်း အတည်ပြုပေးမယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ အစိုးရ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါမှာ အရာရှိတွေအကြား ဘုံသဘောတူညီချက် ရအောင် ကြိုးစားကြဖို့ သမ္မတ အိုဘားမားက တိုက်တွန်းထားပါတယ်။