အမေရိကန် အစိုးရရဲ့ ဒီနှစ် ၂၀၁၁ ခုနှစ် ဘဏ္ဍာရေး အသုံးစရိတ်အတွက် သဘောတူညီချက် မရနိုင်ဘဲ ဖြစ်နေရတာတွေကို ဥပဒေပြု အမတ်တွေက ကျော်လွှားနိုင်ဖို့ ကြိုးပမ်းနေတာတွေကနေ အပေးအယူ ညှိနှိုင်းမှုတခု နောက်ဆုံး ထွက်ပေါ်လာမယ်လို့ သူထင်တဲ့အကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။
အစိုးရအနေနဲ့ ဆက်လက် လည်ပတ်သွားနိုင်အောင် မနက်ဖြန် သောကြာနေ့မှာ အောက်လွှတ်တော် အမတ်တွေက ဆောင်ရွက်နေကြတဲ့အကြောင်း အမေရိကန် ရုပ်မြင်သံကြား အစီအစဉ်ရဲ့ ကြာသပတေးနေ့ မနက်ခင်း အစီအစဉ်မှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်ဖြစ်တဲ့ ဂျွန် ဘေနာ (John Boehner) က ပြောဆိုသွားတာပါ။
အစိုးရ အသုံးစရိတ်ကို ရေတိုအဖြစ်နဲ့ နောက်တပတ်အထိ သက်တမ်းအသစ် တိုးပေးသွားဖို့ တွန်းအားပေးနေတယ်လို့လည်း ပြောပါတယ်။
ဝါရှင်တန် စံတော်ချိန် မနေ့ည နှောင်းပိုင်းမှာတုန်းကတော့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဘေနာက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama)၊ ဒီမိုကရက်ပါတီ ကိုယ်စားလှယ် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဟယ်ရီ ရိဒ် (Harry Reid) တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲ အပြီးမှာတော့ ဘဏ္ဍာရေး အသုံးစရိတ်နဲ့ ပတ်သက်လို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီဝင်တွေကြား ကွဲလွဲမှုတွေကို နည်းပါးအောင် လုပ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပေမဲ့ သဘောတူညီချက်တော့ မရသေးဘူးလို့ ပြောပါတယ်။ မနက်ဖြန်အထိ သဘောတူညီချက် မရနိုင်ဘူး ဆိုရင်တော့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမှာ ဖြစ်တဲ့အတွက် အစိုးရ၀န်ထမ်းပေါင်း ၈၀၀,၀၀၀ လောက်ဟာလည်း အလုပ်တွေက ယာယီ ရပ်နားခံရမှာ ဖြစ်ပါတယ်။