ဒေသစံတော်ချိန် ကြာသပတေးနေ့မှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ပါတီ ၂ ပါတီလုံးက ခေါင်းဆောင်အမတ်တွေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။
အကြိတ်အနယ် ဆွေးနွေးခဲ့ကြပေမဲ့ အမေရိကန် အောက်လွှတ်တော် ခေါင်းဆောင်တွေကြားမှာ ကြာသပတေးနေ့ကအထိ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ရှေ့မတိုး နောက်မဆုတ် ထူးမခြားနား ဖြစ်မြဲ ဖြစ်နေပါသေးတယ်။
လက်ရှိသွားနေတဲ့ ဘတ်ဂျက်ကို တပတ် သက်တမ်းတိုးဖို့ ရီပတ်ဘလစ်ကန်ပါတီ အမတ်တွေရဲ့ အဆိုပြုချက်ကို အောက်လွှတ်တော်က ကြာသပတေးနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကို ဒီဥပဒေကြမ်း ရောက်လာတာနဲ့ သမ္မတ အိုဘားမားက ဗွီတိုအာဏာသုံး ပယ်ချမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ဒီလို တွေ့ဆုံမှုဟာ သုံးရက်အတွင်း လေးကြိမ်မြောက် စည်းဝေးကြတာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် ဒီမိုကရက်တစ်ပါတီက ဟယ်ရီ ရိဒ် (Harry Reid) နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်ပါတီက ဂျွန် ဘေနာ (John Boehner) တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ သဘောတူညီချက် မရနိုင်ကြတဲ့အတွက် အားလုံးက စိတ်ပျက်ကြတဲ့အကြောင်း ပြောပါတယ်။
ညှိနှိုင်းဆွေးနွေးရေးမှူးတွေက ဆက်လက် အလုပ်လုပ်နေကြပြီး အိမ်ဖြူတော်ကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ ပြန်လာကြပါလိမ့်မယ်လို့ ရိဒ်က ပြောပါတယ်။
တကယ်လို့ သဘောတူညီချက် မရလို့ ဘတ်ဂျက် မကျနိုင်တော့ဘူးဆိုရင် အီရတ်၊ အာဖဂန်နစ္စတန်နဲ့ ကမ္ဘာ့ တခြားနေရာတွေမှာ ရှိတဲ့ အမေရိကန် စစ်သားတွေဟာ အခု လခ ယာယီ မရနိုင်ဘဲ ဖြစ်သွားကြလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောပါတယ်။
အမေရိကန် ဗဟိုအစိုးရ ၀န်ထမ်း ၁,၉၀၀,၀၀၀ ရှိတဲ့အနက် အဓိက မကျလှတဲ့ ၀န်ထမ်းပေါင်း ၈၀၀,၀၀၀ လောက်ကို အလုပ်မလာကြတော့ဖို့ ပြောရကောင်း ပြောရနိုင်ပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်သွားရမယ့်ဆီကို ဦးတည်သွားနေပုံ ရတယ်လို့ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် ဟယ်ရီ ရိဒ်က ကြာသပတေးနေ့ အစောပိုင်းက ပြောခဲ့ပါတယ်။