အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူး နဲ့ အထူးသံတမန် မစ္စတာ ဒဲရက်မစ်ချဲလ် ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကို ဇန်န၀ါရီလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သွားရောက်ပြီး ဒီခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်ဖို့ ရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ၂၀၁၁ ဒီဇင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ခရီးစဉ် နောက်ဆက်တွဲအဖြစ် မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
အထူးသံတမန် မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုံဒေသက ဖွံ့ဖြိုးမှုလုပ်ငန်းတွေနဲ့အတူ အသေးစား ချေးငွေလုပ်ငန်းတွေကိုလည်း လေ့လာဖို့ ပုဂံမြို့ကိုလည်း သွားမှာဖြစ်ပါတယ်။ အထူး သံတမန်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းကို သွားရောက်ပြီး ဒေသခံတာဝန်ရှိသူတွေနဲ့အတူ နယ်စပ်ဒေသ ဒုက္ခသည်တွေကို အကူအညီ အထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို အကောင်အထည်ဖော်ဖို့ အထူးသံတမန် မစ္စတာ မစ်ချဲလ်ဟာ ဒီဇင်ဘာလ ပထမပတ်ကတည်းက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည်ကို သွားရောက်တဲ့ခရီးစဉ်မှာရော၊ ဒီခရီးစဉ်မတိုင်ခင်ကပါ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ကတော့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ အခြေအနေတွေကို ဆွေးနွေးခဲ့ပါသေးတယ်။
တချိန်တည်းမှာပဲ လူမှောင်ခိုကုန်ကူးမှု နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းတွေကို အကဲဖြတ်လေ့လာဖို့အတွက် အမေရိကန်သံအမတ်ကြီး လူးဝစ်ဆီဒါဘက်ကာ ဟာ မြန်မာနိုင်ငံကို ဇန်န၀ါရီ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ သွားရောက်ဖို့ရှိနေပါတယ်။ ဒီခရီးစဉ်အတွင်းမှာ သူဟာ လူမှောင်ခိုကူးမှု နှိမ်နင်းရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို ပိုပြီး ထိရောက်အောင်မြင်စေမယ့် အခွင့်အလမ်းတွေကို လေ့လာဖို့နဲ့ လူမှောင်ခိုကူးမှု ပကတိ အခြေအနေတွေကို လေ့လာအကဲဖြတ်မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မစ္စတာ ဆီဒါဘက်ကာ ဟာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေအနေ တိုးတက်မှုကိုလည်း အစိုးရနဲ့ ဆွေးနွေးမှာဖြစ်ပြီး ရန်ကုန်မြို့မှာတော့ အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အတူ အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။