သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကုန်သည်ကြီးများအဖွဲ့ မြန်မာနိုင်ငံခရီးစတင်


အမေရိကန်ပြည်ထောင်စုက ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမေရိကန်ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီခရီစဉ်ဟာ အင်မတန်အရေးပါ မှတ်ကျောက်တင်ရမယ့် ခရီးစဉ်ဖြစ်တယ်လို့ အမေရိကန်ကုန်သည်ကြီးများအသင်း အာရှဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Tami Overby ကပြောပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား စီးပွားဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် အကြီးအကျယ် အားထုတ်ခဲ့ပြီးနောက်မှာ ဆက်ဆံရေးကို နောက်ထပ် တဆင့်မြှင့်ဖို့ဖြစ်တယ်လို့လည်း ခရီးစဉ်ဆိုင်ရာ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လယ်ယာလုပ်ငန်း၊ မော်တော်ကားလုပ်ငန်း၊ လက်လီအရောင်းလုပ်ငန်းတို့အပြင် စွမ်းအင်၊ အီလက်ထရောနစ်၊ တယ်လီကွန်မြူနစ်ကေးရှင်း ဆက်သွယ်ရေးစတဲ့ လုပ်ငန်းတွေက စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ် စုစုပေါင်း ၅၀ ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လာရောက်ကြမှာဖြစ်ပါတယ်။ အမေရိကန် ကုန်သည်ကြီးများအဖွဲ့ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန် မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တက်ရောက်ကြမှာဖြစ်သလို နှစ်နိုင်ငံကြား အဓိကကျတဲ့ လုပ်ငန်းတွေမှာ ဘယ်လို ချဲ့ထွင် ရင်းနှီးမြှုပ်နှံ ကုန်သွယ်လို့ ရမလဲဆိုတဲ့ အခွင့်အလမ်းတွေကို လေ့လာမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဖွဲ့ကိုယ်စားလှယ်တွေဟာ နေပြည်တော်မှာလည်း ဒုတိယသမ္မတ ဦဉာဏ်ထွန်းအပြင် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီးဌာနက အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ NGO တွေနဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ အမေရိကန် ကုန်သည်ကြီးများအသင်း
ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ စွမ်းရည်မြှင့်တင်ရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ၊ သင်တန်းတွေပေးနိုင်တယ်လို့ အာရှဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Tami Overby ကပြောပါတယ်။ စီးပွားရေးအရ အမေရိကန်က အရေးယူ ဒဏ်ခတ်ခဲ့တဲ့ မြန်မာနိုင်ငံကို အမေရိကန်သမ္မတ ဘရက်အိုဘားမား လာရောက်ခဲ့ပြီးနောက်မှာ ခုလို အမေရိကန် ထိပ်တန်းစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှု ရှိလာတဲ့အတွက်လို့ ဆိုပြီး အမေရိကန်က စီးပွားရေး ဘဏ္ဍာရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖြေလျော့ပေးခဲ့ ပြီးနောက်မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေက ကြိုးစားနေကြပါတယ်။ သောကြာနေ့ကပဲ မြန်မာနိုင်ငံက ဘဏ်တချို့ကို အမေရိကန်ပြည်ထောင်စုနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အမေရိကန် ဘဏ္ဍာရေးဌာနက ခွင့်ပြုခဲ့ပါတယ်။ အရင်က အမေရိကန်ရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် အမေရိကန် ဗဟိုဘဏ်ကတဆင့်သွားရတဲ့ ငွေကြေးအလွှဲအပြောင်းလုပ်လို့ မရတဲ့အချက်ဟာ
မြန်မာနိုင်ငံနဲ့ နိုင်ငံတကာကုန်သွယ်ရေးမှာ အဓိက အတားအဆီးတခု ဖြစ်စေခဲ့ပါတယ်။
XS
SM
MD
LG