သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ တိုက်ရိုက်ကုန်သွယ်ရေး ဆွေးနွေးမည်


အမေရိကန်ပြည်ထောင်စုက ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေအပါအဝင် အဖွဲ့ဝင် ၅၀ ပါ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ တနင်္လာနေ့ မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ရှိပါတယ်။ အမေရိကန်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်အလားအလာ၊ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်ပြည်ထောင်စုဆီ တင်ပို့နိုင်တော့မယ့် အလားအလာတွေ ပေါ်ထွက် လာနေတာကြောင့် အခု အမေရိကန်လုပ်ငန်းရှင်တွေရဲ့ ခရီးစဉ်အပေါ် အကောင်းမြင် မျှော်လင့် သလို စိန်ခေါ်မှုတွေရှိတယ် ဆိုတာကိုလည်း အသိအမှတ်ပြု ပြောဆိုကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အမေရိကန်ကုန်သည်ကြီးများအသင်းက ဦးဆောင်တဲ့ အခု စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို အမေရိကန်က လျှော့ပေါ့ ရုပ်သိမ်းတာတွေ လုပ်ခဲ့ပြီးတဲ့နောက် ပထမဆုံး ကိုယ်စားလှယ်အဖွဲ့လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ဒီကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ အရေးပါတဲ့မှတ်တိုင်တစ်ခု ဖြစ်တယ်လို့ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ တာမီ အိုဗာဘီ (Tami Overby) ကိုယ်တိုင်က ပြောထား တာဖြစ်ပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ တနင်္လာနေ့မှာ တွေ့ဆုံ ဆွေးနွေးဖို့ရှိတဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“မနက်ဖြန် ကျနော်တို့ UMFCCI မှာတော့ One Day Seminar လုပ်ပါမယ်။ သူတို့နဲ့ ဆွေးနွေးပွဲ။ နောက် နံပါတ်နှစ်ကတော့ how to build US market အဲဒါတွေပါမယ်။ နောက် CSR ဆိုတဲ့ကိစ္စတွေ ပါမယ်။ နောက် ကျနော်တို့ မြန်မာနိုင်ငံရဲ့ investment opportunities တွေပေါ့။ အဲဒါမျိုးတွေကို ကျနော်တို့ ဆွေးနွေးကြပါမယ်။”

ဦးမြင့်စိုး ပြောသွားတဲ့ထဲက CSR ဆိုတာကတော့ Corporate Social Responsibility ဆိုတဲ့အကြောင်းအရာဖြစ်ပြီး စီးပွားရေး လုပ်ဆောင်တဲ့နေရာမှာ လူမှုရေးတာဝန်ယူမှု တနည်းအားဖြင့် နီတိဖြစ်ပါတယ်လို့ ဦးမြင့်စိုးက ရှင်းပြပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ် ကူးသန်းရောင်းဝယ်ရေး တိုက်ရိုက်မရှိခဲ့တာ နှစ်ပေါင်းအတော်ကြာပါပြီ။ သမ္မတ ဦးသိန်းစိန်ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်လာပြီးတဲ့နောက် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အဖြစ် အမေရိကန်သမ္မတတဦး မြန်မာနိုင်ငံဆီ လာရောက်ခဲ့သလို စီးပွားရေးအခွင့်အလန်းတွေလည်း ပြန်ပွင့်လာခဲ့တာပါ။ ဒါကြောင့်လည်း အခု အမေရိကန် လုပ်ငန်းရှင်တွေရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်စေမယ်လို့ ဦးမြင့်စိုးက မြင်ပါတယ်။

“ကျနော်တို့ အခု ဈေးကွက်ဖွင့်ပြီး သူတို့နဲ့ ကျနော်တို့နဲ့ ပြန်လည် ကုန်သွယ်မှု လုပ်နိုင်တဲ့အဆင့် တခုမှာ သူတို့ ဝါရှင်တန်ဒီစီမှာ ရှိနေတဲ့ US Chamber of Commerce နဲ့ ကျနော်တို့ ရန်ကုန်၊ မြန်မာပြည်မှာရှိနေတဲ့ UMFCCI အဖွဲ့အစည်းနှစ်ခုက ဒီလို တွေ့ဆုံပြီးတော့ တယောက်နဲ့တယောက် အပြန်အလှန် ဆွေးနွေးမှုတွေ၊ အခွင့်အလန်းရှာမှုတွေ၊ ညှိနှိုင်းမှုတွေက နှစ်နိုင်ငံလုံးအတွက် များစွာ အကျိုးဖြစ်စေတဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။”

အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင် အခွင့်အလန်းအများအပြား ပေါ်လာမှာဖြစ် သလို မြန်မာနိုင်ငံရဲ့ နိမ့်ကျတဲ့ အခြေခံအဆောက်အအုံပိုင်းလို၊ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အများအပြား ရှိနေတယ်ဆိုတာကိုလည်း ဦးမြင့်စိုးက အသိအမှတ်ပြု ပြောခဲ့ပါတယ်။
အမေရိကန်လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးကဏ္ဍအသီးသီးက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသလို လက်တွေ့ စီးပွားရေးနယ်ပယ်ထဲက လုပ်ငန်းရှင်တွေရဲ့ အသံကိုလည်း နားထောင်ဖို့လိုမယ်လို့ အကြံပေးသူက စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သူ ဦးမင်းခင်ပါ။

“အမှန်တကယ် အလုပ်လုပ်နေကြတဲ့သူတွေရဲ့ လွတ်လပ်တဲ့အသံပေါ့။ ဆိုလိုတာက လွတ်လပ်တဲ့ ကုန်သွယ်ခြင်း၊ လွတ်လပ်သောအသံပေါ့ခင်ဗျာ။ အစိုးရနဲ့ ဆက်နွယ်တယ်၊ အသင်းအဖွဲ့တွေနဲ့ ဆက်နွယ်နေတယ်ဆိုရင် လွတ်လပ်တဲ့အသံ ကြားရဖို့ဟာတော့ ကျနော်တို့ဆီမှာ အခက်အခဲ ရှိနေသေးတယ်။ အဲဒီတော့ အဲဒီအသံမျိုးကို ကြားစေချင်တယ်။ နောက် အမှန်တကယ် ကျနော်တို့ ရုံးကန်နေရတဲ့ အခြေအနေကို သိစေချင်တယ်။ ပြဿနာကို သေချာသိမှ အခြေအနေကို သေချာ သိမှ ဒီအခြေအနေကို ကျနော်တို့ ဘယ်လို ရင်ဆိုင်ပြီးတော့ ကျော်သွားနိုင်မလဲ၊ ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်း၊ စီးပွားရေးလမ်းကြောင်းအမှန်ကို ဘယ်လို ဖော်ဆောင်နိုင်မယ်ဆိုတာ ကျနော်တို့ အဖြေမှန်ရမယ်လို့ ကျနော်တို့ ထင်တယ်။”

အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ထဲမှာ MetLife, Cargill, Fedex, Chevron, General Motors, General Electric, Target, Honeywell နဲ့ eBay တို့အပါအဝင် ကုမ္ပဏီပေါင်း နှစ်ဒါဇင်နီးပါးက ကိုယ်စားလှယ်တွေပါဝင်ပါတယ်။

တနင်္လာနေ့ကျင်းပမယ့် အမေရိကန်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေကြား ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာန၊ ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ စီးပွားရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒက်ဇ် (Jose W. Fernandez) ကိုယ်တိုင် တက်ရောက်ပြီး စကားပြောမှာဖြစ်ပါတယ်။
XS
SM
MD
LG