သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပြောင်းအလဲ အမေရိကန် အထူး ကိုယ်စားလှယ်ကြိုးပမ်းမည်


မြန်မာနိုင်ငံအပြောင်းအလဲ အမေရိကန် အထူး ကိုယ်စားလှယ်ကြိုးပမ်းမည်
မြန်မာနိုင်ငံအပြောင်းအလဲ အမေရိကန် အထူး ကိုယ်စားလှယ်ကြိုးပမ်းမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူး ကိုယ်စားလှယ်အဖြစ် ဧပြီလက သမ္မတ အိုဘားမားက အမည်တင်သွင်း ခဲ့ပြီးတော့ ဇွန်လမှာ အထက်လွှတ်တော် ကြားနာစစ်ဆေးပွဲ ကျင်းပပြီးနောက် ခန့်အပ်ခံခဲ့ရတဲ့ မစ္စတာ ဒဲရက်မစ်ချဲလ် ကို တနင်္လာနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ တရားဝင် ကျမ်းသစ္စာကျိန်ဆို ခန့်အပ်ခဲ့ပါတယ်။ မြန်မာ့အရေး အောင်မြင်အောင် အားလုံးနဲ့ တိုက်ရိုက် ဆက်ဆံပြီး အဖြေရဖို့ ကြိုးစားမှာဖြစ်သလို မြန်မာနိုင်ငံ အခြေအနေကို အမေရိကန် သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးဆီ မပြတ် လေ့လာတင်ပြပြီး အပြောင်းအလဲတွေ အတွက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ ကြိုးစားမယ်လို့ မစ္စတာ မစ်ချဲလ်က ကျမ်းသစ္စာကျိန်ဆိုရာမှာ ကတိပေးပြောကြားခဲ့ပါတယ်။ အပြည့်စုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ဒီမိုကရေစီရေး ကြိုးပမ်းလာစေဖို့ ချမှတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် တွမ်လန်းတို့စ် ရဲ့ JADE Act ဥပဒေအရ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး ခန့်ထားရေးအတွက် သမ္မတ အိုဘားမားက မစ္စတာ မစ်ချဲလ်ကို ရွေးချယ်ခဲ့တာပါ။ တနင်္လာနေ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာတော့ မြန်မာပြည်သူတွေအပေါ် နားလည်မှု အပြည့်အဝရှိတဲ့ မစ္စတာ မစ်ချဲလ်ကို ခန့်ထားတဲ့အတွက် ရှေ့လျှောက် ပိုပြီး ထူးခြားတဲ့အပြောင်းအလဲတွေ တွေ့ရမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောကြားခဲ့တယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုတဲ့ USCB အဖွဲ့က တာဝန်ခံ ဦးအောင်ဒင်က ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အဓိကပြောတာကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အမေရိကန် အစိုးရရဲ့ အာရုံစူးစိုက်မှုပေါ့၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ပေါ်ရေးအတွက် အမေရိကန်အစိုးရက တတ်နိုင်သလောက် ကြိုးပမ်းဆောင်ရွက်နေတယ်၊ ဒီလို ဆောင်ရွက်တဲ့နေရာမှာ dual track policy ပေါ့၊ တဘက်မှာ sanctions နဲ့ ဖိအားပေးမှုတွေကို ဆက်လက် ထိန်းသိမ်းထားပြီး တဘက်မှာကျတော့လည်း မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆက်ဆံဆွေးနွေးပြီးတော့ အပြောင်းအလဲတွေ ဖြစ်အောင် အကြောင်းပြ သိမ်းသွင်းတာကို သူတို့ ဦးစားပေး ဆောင်ရွက်နေတယ်ပေါ့။ အဲဒီလို ဆောင်ရွက်နေတဲ့အခါမှာ အဓိကကျတဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးတာရော၊ ပတ်ဝန်းကျင်နိုင်ငံများနဲ့ ညှိနှိုင်းဆွေးနွေးတာရော၊ ပြီးတော့ ပူးပေါင်း အဖြေရှာတာရော။ အဲဒီလိုလုပ်နေတဲ့အချိန်မှာပဲ ပိုပြီးအရေးကြီးတဲ့ အခုလိုမျိုး မြန်မာနိုင်ငံရေးကိစ္စကို အချိန်ပြည့်ဆောင်ရွက်နိုင်မယ့် အထူးသံတမန်တယောက် ခန့်အပ်တာ သူတို့အတွက် အင်မတန် အကျိုးရှိသလိုပဲ မြန်မာနိုင်ငံတွင်းမှာ အစိုးရက အပြောင်းအလဲတွေလုပ်မယ်ဆိုတဲ့ လက္ခဏာ ပြနေတဲ့အချိန်မှာ အထူးသံတမန်ရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အရေးကြီးလာလိမ့်မယ်ပေါ့။

"နောက်ပြီးတော့ ဒဲရက်မစ်ချဲလ် အနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံရေးကိစ္စကို အင်မတန်မှ စိတ်ဝင်စားမှု ရှိတယ်ပေါ့လေ။ သူ့ရဲ့ မြန်မာနိုင်ငံရေး အရေးကိစ္စအပေါ်မှာ အာရုံစူးစိုက်မှု၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကြည်ညိုလေးစားမှု ဒါတွေဟာ အင်မတန် ကြီးမားတယ်ပေါ့။ မြန်မာပြည်သူတွေ အပေါ်မှာရော၊ မြန်မာ့ အတိုက်အခံအင်အားစုတွေနဲ့ နားလည် ရင်းနှီးမှုမှာလည်း သူ့ရဲ့ အခန်းအတိုင်းအတာက ကြီးမားတယ်ပေါ့။ ဒါကြောင့်မိုလို့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးကိစ္စ အထူး အချိန်ပြည့် ဆောင်ရွက်ဖို့အတွက် လူတစ်ယောက်ကို ခန့်လိုက်ပြီ၊ အဲဒီပုဂ္ဂိုလ်ကလည်း မြန်မာ့အရေးအတွက် အထူးတလည် စေတနာရှိတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ရှေ့လျှောက် ပိုပြီးတော့ ထူးခြားတဲ့ အပြောင်းအလဲတွေ တိုးတက်မှုတွေ မြင်လာလိမ့်မယ်လို့ သူ မျှော်လင့်တယ်ပေါ့။”

မစ္စတာ မစ်ချဲလ်ကလည်း မြန်မာ့အရေးအောင်မြင်မှုအတွက် အဖြေတခုခုရဖို့ ကြိုးစားမယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“သူ့ကိုပေးအပ်တဲ့ ဘောင်ထဲကနေပြီးတော့ ကြိုးစားပြီးတော့ အောင်မြင်မှုရအောင် ဆောင်ရွက်မယ်၊ အဲဒီလို အောင်မြင်မှုရအောင် ဆောင်ရွက်တဲ့နေရာမှာ သူ ဖြစ်နိုင်သမျှ အားလုံးနဲ့ တိုက်ရိုက် ဆက်ဆံ ညှိနှိုင်းပြီးတော့ အဖြေတစ်ခုရအောင် ကြိုးစားသွားမယ်ပေါ့နော်။ သူ အခုဆိုရင် မြန်မာနိုင်ငံအရေးကိစ္စ တခုတည်းကိုပဲ အာရုံစိုက် လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မိုလို့ သူက တွေ့ဆုံရမယ့်သူ အားလုံးနဲ့တွေ့မယ်။ ပြီးတော့ နည်းလမ်းပေါင်းစုံ ရှာမယ်။ ဖြစ်နေတဲ့အခြေအနေတွေကိုလည်း သေချာ သုံးသပ်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ သမ္မတ တို့ကို တင်ပြပြီးတော့ အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် သူ ကြိုးပမ်းမယ်ပေါ့ဗျာ။ ဒါက သူ့ရဲ့ ပြောဆိုချက်ပေါ့။”

အမေရိကန် အထူးသံတမန်အဖြစ်နဲ့ ရွေးချယ်တာခံခဲ့ရတဲ့ မစ္စတာ မစ်ချဲလ်ဟာ စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရသစ်အဖွဲ့နဲ့ရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဖွဲ့အစည်းမျိုးစုံက ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံနိုင်ခဲ့သလို မကြာခင်ကမှ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုပါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ သူ့ကို ခန့်အပ်ခဲ့တဲ့ အချိန်တိုအတွင်း မြန်မာ့အရေးလုပ်ဆောင်မှုတွေမှာ တိုးတက်မှုတွေ တွေ့ရတယ်လို့ ဦးအောင်ဒင်က ပြောပါတယ်။

“သူ့ရဲ့ တစ်လလောက်အချိန်အတွင်း လှုပ်ရှားမှုတွေမှာ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန်နဲ့ မြန်မာ့အရေးကိစ္စကို လုပ်နိုင်တာ တွေ့တယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကိုလည်း အမေရိကန်အစိုးရရဲ့ သဘောထားကို ပိုပြီး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောနိုင်ခဲ့တာရှိတယ်။ အဲဒီအပေါ်မှာလဲ မြန်မာအစိုးရဘက်က တစုံတရာ တုံ့ပြန်ဖို့ အလားအလာတွေလည်း ရှိတာတွေ့ရတယ်။ အဲဒီတော့ ထူးခြားမှုဆိုတာကတော့ ကျနော်တို့ အချိန် စောင့်ကြည့်ရဦးမှာပေါ့။ အရင်တုန်းကတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် က မြန်မာ့အရေးကိစ္စကို တာဝန်ခံ ဆောင်ရွက်တယ်။ သို့သော်လည်း ကာ့တ်ကမ့်ဘဲလ် ကိုယ်နှိက်ကိုယ်က အာရှနဲ့ပစိဖိတ်ဆိုင်ရာ နိုင်ငံပေါင်း ၄၀ ကျော်ကို တာဝန်ယူရတဲ့အခါ ကျတော့ မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်လို့ရှိရင် နေ့တဓူ၀ တာဝန်ယူနိုင်စွမ်း မရှိပါဘူး။ အခုလိုမျိုး မြန်မာ့အရေးကိစ္စကို နေ့တဓူ၀ တာဝန်ယူပြီးတော့ ဖြစ်ပျက်သမျှတွေကို တုံ့ပြန်မှုတွေလုပ်ဖို့အတွက် အခုလို အမေရိကန် အထူးသံတမန်တစ်ယောက် တရားဝင် အချိန်ပြည့် ခန့်ထားတဲ့အတွက် ဒါက တိုးတက်မှုတခုပါပဲ။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ဒဲရက်မစ်ချဲလ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဝန်ကြီး ကလင်တန် နဲ့တကွ နိုင်ငံတကာက သူ့ကိုချစ်ခင်လေးစားကြတဲ့ ဂျပန်၊ ကိုရီးယား၊ ဗီယက်နန်၊ ကမ္ဘောဒီးယား အပါအဝင် နိုင်ငံတကာ သံအမတ်တွေ၊ စစ်သံမှူးတွေသာမက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ NGO နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိ အများအပြားပါ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG