သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အမေရိကန် ဆက်လက်ဖိအားပေး


နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အမေရိကန် ဆက်လက်ဖိအားပေး

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွှတ်ပေးသေးတာဟာ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ အတွက် အတားအဆီးတွေ ဖြစ်နေသေးသလို နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွှတ်ပေးရေးအတွက် မြန်မာအစိုးရကို ဘယ်လိုဆက်ပြီး ဖိအားပေးဆောင်ရွက်ဖို့လိုမလဲ ဆိုတာကို သုံးသပ်စဉ်းစားသွားမယ်လို့ အခု မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် အဆင့်မြင့်သံတမန်တွေက ပြောပါတယ်။ သူတို့တွေဟာ မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့ဆုံပြီး အကျဉ်းထောင် အခြေအနေတွေ မေးမြန်းခဲ့သလို လူမှုရေးနဲ့ နိုင်ငံရေးမှာ ပါဝင်နေသူတချို့နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေး ပြောဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုင်ကယ်ပို့စနာ နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ် တို့ နှစ်ဦးစလုံးဟာ ဒီကနေ့ နိုဝင်ဘာလ ၄ ရက် သောကြာနေ့မှာတော့ ရန်ကုန်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးနဲ့တိုင်းရင်းသား အဖွဲ့တွေအပြင် လူမှုရေးလုပ်ငန်းတွေမှာပါ ပါဝင်သူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီအမေရိကန်အရာရှိနှစ်ဦးဟာ ဒီကနေ့ညနေ ၃ နာရီက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အလုပ်မှုဆောင်အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့က တာဝန်ရှိသူတချို့နဲ့ပါ ထပ်မံတွေ့ဆုံပြီးတော့ မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိကအားဖြင့်တော့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ၊ ဦးအေးသာအောင်ကတော့ သူတို့တိုင်းရင်းသားအရေး အပါအ၀င်ပေါ့နော် ပြေလည်အောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတဲ့ အခြေခံကို သူ့သဘောထားကို သူပြောပြတယ်။ သူတို့ဘက်ကလည်း သူတို့ဒီကိစ္စတွေကို အမြဲတမ်း သက်ဆိုင်ရာအစိုးရနဲ့ တွေ့တဲ့အခါတိုင်း ပြောဆိုနေတဲ့ကိစ္စတွေ ဖြစ်ပါတယ်လို့ အဲဒီလို ပြောပါတယ်။ ကျနော်တို့ တွေ့ဆုံမှုပြီးသွားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အထွက်မှာ ဒေါ်အောင်ဆန်းစုကြည်ရော၊ အမေရိကန်အရာရှိနှစ်ဦး အပါအ၀င် အားလုံးနဲ့ မီဒီယာတွေနဲ့ တွေ့ပါတယ်။ အဲဒီမှာပြောတာကတော့ ပြောကြားချက်တွေကို အသေးစိတ် မထုတ်ပြန်ဘူး။ အချိန်မရောက်သေးလို့ပါ။ အဲဒီတော့ သူတို့အနေနဲ့ကတော့ ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ တိုးတက်တယ်၊ ကျေနပ်တယ်။ အဲဒီအမြင်ပဲ ပြောပါတယ်။”

ဒါ့အပြင် ဒီကနေ့မနက်က အဲဒီအမေရိကန်အရာရှိနှစ်ဦးဟာ ရန်ကုန်က အမေရိကန်သံရုံးမှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့တွေကသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အထူးသဖြင့် သူတို့နှစ်ဦးရဲ့ ခရီးစဉ်ဟာ နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်လွတ်မြောက်ရေး ကိစ္စဟာ ဒီမိုကရေစီရေးအတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ် ဆိုတာကို ရှင်းပြခဲ့တယ်လို့ အဲဒီအမေရိကန်အရာရှိ နှစ်ဦးကိုသွားရောက်တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိလွှတ်ပေးဖို့ကို အစိုးရကို ကြိမ်ဖန်တလဲလဲ သူတို့တောင်းဆိုနေမှာ ဖြစ်တဲ့အကြောင်းကိုလည်း သူတို့ပြောကြပါတယ်။ ဒီ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး ချွင်းချက်မရှိ မလွှတ်ပေးဘဲနဲ့ ရှေ့ ဒီမိုကရေစီရေးခြေလှမ်းတွေ သွားဖို့အတွက် အတားအဆီး ဖြစ်နိုင်တယ်ဆိုတဲ့ဟာတွေ ဆွေးနွေးကြတဲ့အခါမှာတော့ အမေရိကန်အစိုးရကနေပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စအတွက် ဘယ်လို ဆက်ပြီးတော့ သူတို့ တိုက်တွန်းဆောင်ရွက် ဖိအားပေးသွားရမလဲ။ သို့မဟုတ်လို့ရှိရင် သူတို့ကချမှတ်ထားတဲ့ ကန့်သတ်ချက်တွေအပေါ်မှာပဲ ဘယ်လို ပြန်လည်စဉ်းစားရမလဲ ဆိုတာတွေကို သူတို့ သုံးသပ်မှာဖြစ်တယ်ပေါ့။ ဒါကတော့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ပါပဲ။ အဲဒီလိုတော့ ပါပါတယ်။”

မကြာသေးခင်ကရက်တွေကမှ အကျဉ်းထောင်တွေထဲက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ရုပ်ရှင်နဲ့ ဟာသ သရုပ်ဆောင် ဇာဂနာ၊ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးအပြင် တခြား နိုင်ငံရေး အကျဉ်းသားဟောင်း ၄ ဦးနဲ့တွေ့ဆုံပြီး ထောင်တွင်းအခြေအနေတွေနဲ့အတူ သူတို့သိချင်သမျှကို မေးမြန်းခဲ့တယ်လို့ အဲဒီတွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ စမ်းချောင်းကိုကိုကြီးက ရှင်းပြပါတယ်။

“ထောင်ထဲမှာ အခုလက်ရှိခံစားခဲ့ရတဲ့ ထောင်ထဲမှာနေထိုင်ရတဲ့ အနေအထားတွေ၊ ဆေးဝါးမပြည့်စုံမှုတွေ၊ ငွေကြေးအနေအထားအရ ဆေးဝါးမကုနိုင်တဲ့အတွက် ICRC က အခုထောင်တွေကိုဝင်နေတယ် ဆိုတာက အပြသဘောမျိုးနဲ့ဝင်နေတာ မဟုတ်ဘဲနဲ့ တကယ့် နက်နက်ရှိုင်းရှိုင်းဝင်ဖို့ အမေရိကန်အစိုးရကနေပြီးတော့ မြန်မာအစိုးရကို တိုက်တွန်းပေးဖို့ ဆိုတာမျိုး အပါအ၀င်ပေါ့။ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် မသတ်မှတ်တဲ့ကိစ္စပေါ့။ အဲဒီဟာတွေကို ကျနော်တို့ အများကြီး ပြောဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ လူမှုရေးလုပ်ငန်းတွေကို အာဏာပိုင်တွေက ခွင့်ပြုချက်မပေးတာ၊ တားဆီးဟန့်တားတာတွေ ဟာလည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ် ဆိုတာကိုလည်း အဲဒီအမေရိကန်အရာရှိတွေက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင်း လူမှုရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်နေသူတွေထဲက တစ်ဦးဖြစ်တဲ့ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကတော့ သူတို့လုပ်ငန်းတွေတွင်း ကြုံနေရတဲ့ အခက်အခဲတချို့အတွက် အဲဒီအမေရိကန် အရာရှိနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“သူတို့ပြောတာကတော့ လူမှုရေးအသင်းအဖွဲ့တွေကို မှတ်ပုံတင်မချပေးတာတို့၊ လူမှုရေးလုပ်ဆောင်ချက် တွေကို နှောင့်ယှက်တာ၊ အဲဒီလိုလုပ်တာတွေက ဒီမိုကရေစီကို တိုက်ခိုက်ခြင်းဖြစ်တယ်ဆိုတာကို သူတို့ပြောပါတယ်။”

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဖြစ်ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုင်ကယ် ပို့စနာဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ် ကတော့ ဒီတစ်ကြိမ်နဲ့ပါဆိုရင် မြန်မာနိုင်ငံကိုလာတာ သုံးကြိမ်ရှိပါပြီ။ သူတို့နှစ်ဦးစလုံးဟာ နိုဝင်ဘာလ ၄ ရက်နေ့ညပိုင်းမှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG