သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်အသွင်ကူးပြောင်းရေး အမေရိကန်အကောင်းမြင်


မြန်မာပြည်အသွင်ကူးပြောင်းရေး အမေရိကန်အကောင်းမြင်

မြန်မာအစိုးရက နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းပါ အငြင်းပွားဖွယ်အချက်တချို့ကို ပြင်ဆင် ဖျက်သိမ်းမှုတွေ ပြုလုပ်လိုက်ပါတယ်။ ဒီလိုပြင်ဆင်တဲ့ ဥပဒေကို သမ္မတဦးသိန်းစိန်က အတည်ပြု လက်မှတ်ရေးထိုး လိုက်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက မနေ့ညက ကြေညာခဲ့တာပါ။

အရင်ဥပဒေဟောင်းမှာ ဖော်ပြထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမယ် ဆိုတဲ့နေရာမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လေးစားလိုက်နာရမည် ဆိုပြီး ပြင်ဆင်ထားသလို ထောင်ဒဏ်ကျခံနေရသူ အကျဉ်းသားတွေ နိုင်ငံရေးပါတီဝင်မဖြစ်စေရ ဆိုတဲ့အချက်နဲ့ နိုင်ငံရေးပါတီ တစ်ခုဟာ အနည်းဆုံး မဲဆန္ဒနယ် သုံးခုမှာ ပါဝင်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ အချက်တွေကို ဖျက်သိမ်းထားပါတယ်။

ဒီလို ဥပဒေ ပြင်ဆင်ဖျက်သိမ်းမှုတွေကို ပြုလုပ်တာဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးမှာ ပြန်လည်ပါဝင်နိုင်အောင် အတွက် လမ်းဖွင့်ပေးလိုက်တာဖြစ်တယ် ဆိုတဲ့ယူဆချက်တွေ ထွက်ပေါ်လာနေပါတယ်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် ပြင်ဆင်တဲ့ဥပဒေသစ်ကို သမ္မတ ဦးသိန်းစိန် လက်မှတ် ရေးထိုးလိုက်ချိန်ဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာခေါင်းဆောင်တွေ နေပြည်တော်ကို သွားရောက်ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တိုက်တွန်းအားပေးခဲ့ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ်က ပါတီမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ခြင်းဟာ NLD ပါတီ နိုင်ငံရေးစနစ်ထဲ ၀င်နိုင်ဖို့အတွက် အလွန်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ် ဖြစ်တယ်၊ ဒီလိုသာဖြစ်ခဲ့ရင် အမေရိကန်အနေနဲ့ တနည်းနည်း တုံ့ပြန်ဖို့ စဉ်းစားပေးနိုင်မယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဟာ မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ပြီး လုပ်ဆောင်နေတယ်၊ ဒီလို ဥပဒေပြင်ဆင်မှုဟာ ပြုပြင်ပြောင်းလဲရေးရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ NLD မှတ်ပုံတင်မတင် ဆိုတာကတော့ NLD အပေါ်မှာမူတည်နေပြီး အမေရိကန်အစိုးရကတော့ အခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်လို့ ပြောကြားသွားပါတယ်။

အခုသီတင်းပတ်အတွင်း နေပြည်တော်မှာ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာကလည်း ကြားဖြတ်ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရမယ်၊ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့် ရရမယ်၊ နိုင်ငံရေးပါတီတွေအနေနဲ့လည်း လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်တွေ ရှိရမယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG